_13_Puppy love

2.6K 135 1
                                    

2016.

အရင်က သူမတို့အခန်းမှာ အပြင်ထွက်ခါနီးပြီဆိုတာနဲ့ ရည်းစားကို ဖုန်းဆက် သံတော်ဦးတင်ရတာ ဇင်ဇင်တစ်ယောက်သာ ရှိခဲ့သည်။ အခုဆို မေဖူးပါ တိုးလာခဲ့ပြီ။ ဘာလုပ်လုပ် ဘယ်သွားသွား ဖုန်းဆက်နေရတာကို မကြိုက်ပါဘူးဆိုတဲ့ သူမ.... ချုပ်ချယ်တာကို မကြိုက်ဘူးလို့ ပြောခဲ့တဲ့ မေဖူး။ အခုတော့ တစ်ခုခုဆို ဘိုဘို့ဆီ အရင်ဖုန်းဆက်ဖို့ လုပ်ရသည်။ တော်သေးတာပေါ့.... ဇင်ဇင့်လိုမျိုး လမ်းထိပ်မုန့်ဝယ်တာအထိ ဖုန်းဆက်စရာ မလိုလို့။ ဒါပေမယ့်..... ဘိုဘိုနေတာက မေဖူးတို့အဆောင်နဲ့ မဝေးတဲ့ လမ်းထိပ်က အဆောင်မှာ.....။ ထိုအဆောင်ကို မေဖူးကပဲ ရှာပေးခဲ့တာဖြစ်သည်။ မေဖူးတို့အဆောင်မှူး စိန်စိန်ရဲ့အကိုဖွင့်ထားသည့် ယောက်ျားလေးဆောင်ဖြစ်သည်။ နောက်ပြီး အဲဒီအဆောင်က ဆေးကျောင်းသားတွေ နေတာများသည်မို့ ဘိုဘိုနဲ့ အဆင်ပြေမှာပဲဆိုပြီး ထိုအဆောင်ကို ရွေးပေးခဲ့ခြင်းဖြစ်ပါသည်။ ဘိုဘိုကတော့ မေဖူးနဲ့နီးနီးနားနားမို့ အကြိုက်ပေါ့။ ဘိုဘို့ကို ကျောင်းလာပို့သည့်နေ့က ဝါဝါတို့ လင်မယားအပြင် အမေစိန်ရော လိုက်လာပြီး အဆောင်ကို လှည့်ပတ်ကြည့်ကာ...
" မေဖူးနဲ့ နီးနီးနားနားဆိုတော့ ကောင်းတာပေါ့။ အချင်းချင်း စောင့်ရှောက်လို့ရတယ်.... " ဆိုပြီး ပြောသွားခဲ့သေးသည်။ ဘယ်သူက ဘယ်သူ့ကို စောင့်ရှောက်နေရသလဲဆိုတာတော့ မေဖူး မသည်းကွဲပေ။ မော်တော်ပီကယ်ရုံးမှာ ဘိုဘို့ကို တစ်ခါသွား ထုတ်ပေးရဖူးသည်။ ကျောင်းဘောလုံးပွဲမှာ ရန်ဖြစ်လို့ ကျောင်းသားကဒ်သိမ်းခံရတုန်းကလည်း ဘိုဘိုရဲ့အမပါဆိုပြီး သူတို့ဌာနကို လိုက်ပေးရဖူးသည်။ အရက်သောက်ပြီး အပြင်မှာ ရန်ဖြစ်မှာစိုးလို့ ညတိုင်ရင် ဖုန်းဆက်ကာ အဆောင်ပြန်ခိုင်းရသည်။ အဆောင်ပိတ်ခါနီးထိ ဂိမ်းဆိုင်မှာ ဂိမ်းဆော့နေတတ်လို့ မေဖူးသွားစောင့်ကာ ခေါ်ရသည်။ မေမေစိန်ကိုသာ ခေါ်ပြလို့ရရင်... " ဟောဒီမှာ အဖူးတစ်ယောက် မန်းလေးမှာ ဘိုဘိုရဲ့အုပ်ထိန်းသူလုပ်နေရပါတယ် " ဆိုပြီးသာ ခေါ်ပြလိုက်ချင်သည်။ တစ်ခါတလေတော့လည်း ဘိုဘိုနဲ့ သူမနဲ့က ရည်းစားတွေမှ ဟုတ်ရဲ့လားလို့ မေဖူး စဥ်းစားမိသည်။ ရည်းစားတွေနဲ့ နည်းနည်းမှ မတူတာလေ။ ငယ်ငယ်တုန်းကလိုပဲ အတူတူစား.... အတူတူသွား။ ဂိမ်းဆိုင်မှာ အတူကစား ဘာများ ပြောင်းလဲ သွားတာရှိသလဲ စဥ်းစားကြည့်ဖူးသည်။

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now