Unicode...
"အာ ဦးလေး ကျွန်တော့်ကိုပေး...ကျွန်တော်သယ်ပေးမယ်"
မိုးအံ့ကိုကို ဦးတိုးခိုင်ဆီကရေပုံးကို လက်လွှဲယူလိုက်သည်။
"အားနာစရာကွာ"
"မဟုတ်တာပဲ...ဒါတွေက ကျွန်တော်တို့အိမ်မှာလည်းလုပ်နေကျကို...အိမ်ရှေ့ရေဖျန်းဖို့မလားဗျ"
"အေးကွဲ့"
သည်လိုနှင့် အိမ်နောက်ဖေးကနေ အိမ်ရှေ့ကိုရေပုံးသယ်လာခဲ့သည်။ ဦးတိုးခိုင်ကတော့ ဟိုတလောကဖြစ်ခဲ့တဲ့ကိစ္စကို မေ့ချင်ပါသော်လည်း မိုးအံ့ကိုကိုကိုမြင်တိုင်း ပြန်အမှတ်ရသည်ချည်း...။
သို့ပေမဲ့ မြို့ကြီးသားအုပ်စုက ထိုနေ့ညကစပြီး သူ့အပေါ်ဘာတစ်ခုမှ မကောင်းတာမလုပ်ခဲ့သလို သူ့ကိုတွေ့တိုင်း သုံးယောက်စလုံးဖော်ဖော်ရွေရွေပင်ရှိသည်။ မြို့သားတွေက ဒီလိုအကျင့်စရိုက်ခွဲတွေရှိတာပဲလားဟူ၍ ဦးတိုးခိုင်ကိုယ့်ကိုကိုယ်မေးခွန်းထုတ်နေမိသည်။
"ကျေးဇူးပဲသားရေ"
"ဟုတ်ရပါတယ်ဗျ...ဒါနဲ့လေ ဦးလေး ကျွန်တော်တစ်ခုလောက်မေးမလို့...ဒီကနေရွာဦးကျောင်းကိုသွားရင် ဘယ်လမ်းကသွားရမလဲဗျ"
"ရွာဦးကျောင်းသွားမလို့လားကွ...နေဦးနေဦး ...ဟိုကောင်ဝင်းခိုင်ကိုလိုက်ပို့ခိုင်းလိုက်မယ်...ခဏစောင့်နော်"
ဦးတိုးခိုင် သစ်ပင်များကိုရေလောင်းနေရာမှ အိမ်ထဲကိုပြန်ဝင်သွားသည်။ ထို့နောက် သားဖြစ်သူနောင်ဝင်းခိုင်နှင့်အတူ ပြန်ထွက်လာ၏။ နောင်ဝင်းခိုင်ဆိုသည့် ငါးခူပြုံးကြီးမှာ အခုမှအိပ်ရာထလာသည့်ပုံစံ။ အင်္ကျီတွေ ပုဆိုးတွေကြေမွနေပြီး ခေါင်းကလည်းစုတ်ဖွား...။
"လာလာ သွားမယ်"
စိတ်မပါသည့်လေသံနှင့် မိုးအံ့ကိုလက်ယက်ခေါ်ပြီးနောက် ခြံဝင်းထဲကနေအရင်ထွက်သွားသည်။ မိုးအံ့လည်းသူ့နောက်ကနေ အသာလေးလိုက်လာခဲ့၏။
မနက်ခင်းစောစော နေထွက်စအချိန်ဖြစ်၍ ရွာထဲတွင် ပဲပြုတ်လည်ရောင်းသူကရောင်း၊ အထိုင်ဈေးရောင်းသူကရောင်း၊ ထိုဈေးဆိုင်များတွင်လည်း မနက်စာလာစားကြသူများနှင့် ပြည့်နှက်နေသည်။ လယ်ထဲဆင်းဖို့ပြင်ဆင်ကြသူများနှင့် ရေတွင်းများတွင် ရေခပ်သွားဖို့ရေအိုး ရေထမ်းပိုး ကြီးငယ်သယ်လာကြသူများကလည်း ရွာလမ်းများတွင် ကွက်စိပ်စိပ်တွေ့ရသည်။
YOU ARE READING
အမြွှာရှာပုံတော်မှ အစချီ... | အႁမႊာရွာပုံေတာ္မွ အစခ်ီ...
General Fictionဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... ဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... First Chapter Published : Jul...