"ညီလေးရဲ့အထွေထွေဆေးစစ်ချက်အဖြေရပြီသား...အားလုံးအဆင်ပြေတယ် ရှေ့အပါတ်ထဲမှာ ခွဲစိတ်ရတော့မယ်"
ဟိုတလောက သော်လေးကို ဆေးရုံခေါ်သွားကြသေးသည်။ နှလုံး၊ သွေးအား၊ ဦးနှောက်၊ သွေးဥ စသဖြင့် အကုန်လုံးလိုပါဘဲလေ။ အထွေထွေဆေးစစ်ခဲ့ကြ၏။ အမေက အဲ့ကတည်းက သိသိသာသာစိတ်လှုပ်ရှားလို့နေရှာသည်။
အမေ့ရဲ့အသံမှာ ၀မ်းသာမှုတွေနဲ့လှိုက်တက်လို့နေ၏။ မနက်စာတောင် အမေကတို့ခနဲ ဆိတ်ခနဲသာစားနိုင်သည်။ တော်တော်၀မ်းသာနေရှာသောပုံ...။
အဖေက သတင်းစာဖတ်မပြတ်ပေ။ ကျွန်တော်ကတော့ မျက်လုံးတွေကတခြားကိုစိုက်ကြည့်ရင်းမှ ရင်ထဲတွင်၀မ်းသာစိတ်လေး၀င်ရောက်လာမိ၏။
"ဟိုကလေး သိပြီးပြီလား အမေ"
"မပြောရသေးဘူး သားရဲ့...သားငယ်ကအိပ်နေတုန်း သွားကြည့်ဦးမှပါ"
အမေက ခုံပေါ်ကထလိုက်တော့ အဖေကထိုင်နေရာမှ အမေ့ကိုဖျက်ခနဲလှမ်းကြည့်၏။ အမေကတော့ ဂရုမစိုက်နိုင်ဘဲ လှေကားထစ်ရှိရာသို့လျှောက်သွားလေပြီ။
အမေကြည့်ရတာ ကျွန်တော်အရွယ်ရောက်လာတော့ ပြုစုစရာကလေးမရှိဘဲ ခပ်ပျင်းပျင်းရှိရာက သော်လေးအိမ်ရောက်လာလေတော့ ရှိသမျှဂရုစိုက်မှု ပုံပေးထားချင်ပုံရသည်။
"မင်းအမေက ဒီကလေးကို ဂရုစိုက်တာဟာ လိုတာထပ် ပိုလွန်းနေတယ်.."
အဖေကတော့ အမေ သော်လေးအပေါ် သံယောဇဉ်တွယ်လွန်းနေတာကို အလိုမကျလှသည်မှာ အထင်အရှားပင်..။
ကျွန်တော်ကတော့ ဘာမှ၀င်မပြောမိ။ ဒီကလေးကို ချစ်တယ်ရယ်လဲ မဟုတ်သလို၊ မုန်းတယ်ရယ်လဲ မဟုတ်လှပါ။ တခါတရံ အဲ့ကလေးကိုမြင်တိုင်း ခပ်ရွံ့ရွံ့ရှိမိသည်ကတော့ အမှန်။
အဖေ့စကားကို ဘာမှမတုံ့ပြန်ဘဲ စားပွဲပေါ်က ပူနွေးနွေးကော်ဖီကိုသာ လှမ်းယူရင်းမော့ချလိုက်မိ၏။
... 🖤 ...
ပန်းပင်မျိုးစုံစိုက်ပျိုးထားသောဥယျာဉ်မှာ ပန်းရနံ့တို့က အလုအယက် ကြိုင်လှိုင်နေကြ၏။ သော်လေးက ပန်းရနံ့တွေကိုချစ်လှသည်။

YOU ARE READING
အမုန်းတရားတို့၏မာယာ (Completed)
Fantasy၀န်ကြီးချုပ်တစ်ယောက်ရဲ့သားဖြစ်တာမို့ဆိုးချင်တိုင်းဆိုးနေတဲ့သူဠေးသားလေးနဲ့ အဲ့သူဠေးသားလေးရဲ့ကားဘီးတွေအောက်သေသွားခဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့မျက်မမြင်သားငယ်လေး၊ သူတို့နှစ်ယောက်ကြားကအမုန်းတွေကနေ တဖြည်းဖြည်းအချစ်ဆီကို ကူးပြောင်းလာတဲ့ပုံကိုရေးသားထားတာပါရှင...