အပိုင်း(၂၄)

5.7K 326 13
                                    

အုပ်ဆိုင်းဆိုင်းအပင်တို့က ရာသီဥတုကို ပိုထိုင်းမှိုင်းစေ၏။ မိုးတို့ကရွာမယောင်နှင့် ညို့နေခဲ့သလို၊ ဆောင်းလေတို့ကလဲ ခပ်သောသောတိုက်ခတ်လို့နေခဲ့၏။

ကျောင်းရဲ့မလှမ်းမကမ်းလမ်းကျဉ်းလေးဟာ လူသွားလူလာပြတ်လပ်တာမို့ တိတ်ဆိတ်လို့နေ၏။ သော်လေးက နှုတ်ခမ်းလေးတွေ တင်းတင်းစေ့ကာငြိမ်သက်နေခဲ့သည်။ မာန်၀င့်ထည်အကြည့်တွေကတော့ သော်လေးထံသို့ မကြာခဏရောက်ရှိ၏။

"ကိုကို ဘာပြောမလို့လဲဗျ"

သော်လေးအသံက ဘာကိစ္စမှမရှိခဲ့သလို တည်ငြိမ်သွား၏။

"စေ့စပ်ပွဲက ခုမှစဉ်းစားတုန်းရှိသေးတာပါ...မသေချာသေးပါဘူး သော်လေးရယ်"

သော်လေးက မထိတရီပြုံးလိုက်တာမို့ မာန်၀င့်ထည်ရင်ထဲမှာ မငြိမ်မသက်ရှိရသည်။ တရားသူကြီးရှေ့ရောက်နေရတဲ့ အပြစ်သားလို...။

"ရပါတယ်ဗျ...သော်လေး ကိုယ့်နေရာကိုယ်မေ့သွားတာ။ ကိုကိုဘာလုပ်လုပ် သော်လေးကိုတိုင်ပင်နေကျမှမဟုတ်ဘဲ... သော်လေးမှားသွားတာပါ"

"ကိုကို... ကိုကိုတောင်းပန်ပါတယ်"

သော်လေးက ခြေလှမ်းတို့ကိုရပ်ကာ ဖျက်ခနဲမော့ကြည့်၏။ ကိုကိုနဲ့ပထမစတွေ့တဲ့အချိန်ကို သတိရသွားရသည်။

အဲ့တုန်းကလဲ ကိုကိုဟာ ဒီလိုအထစ်ထစ်အငေါ့ငေါ့နှင့်တောင်းပန်ခဲ့၏။ ဒါပေမယ့် အရာရာဟာ ပြန်အဖက်ဆည်မရအောင် မှားယွင်းသွားခဲ့ရလေပြီ။

"မတောင်းပန်ပါနဲ့ဗျ... ကိုကိုလဲ ကိုကို့သဘောအတိုင်းနေ၊ သော်လေးလဲ သော်လေးသဘောအတိုင်းနေတော့မှာမို့ အပြန်အလှန်သင်ပုန်းချေကြရအောင်လား"

"သော်လေး ပေါက်ကရတွေတော့ လျှောက်မလုပ်ပါနဲ့ကွာ"

သော်လေးက မာန်၀င့်ထည်ကို နားမလည်ဟန်ဖြင့် မျက်ခုံးပင့်ကြည့်၏။ မျက်တောင်မည်း"ကော့"ကြီးတွေနဲ့ မျက်၀န်းလေးဟာ အလွန်လှပါသည်။

"ဘာကိုပြောတာလဲ ကိုကို"

"သေ... သေတဲ့ကိစ္စမျိုး"

သော်လေး ရီမိပါ၏။ အသံထွက်ရီမိရင်လဲ ရီမိသွားနိုင်သည်။

ကိုကိုက သူ့လက်မှလွတ်မြောက်ရန် သော်လေးအတွက် တစ်ခုတည်းသောနည်းလမ်းဟာ သေခြင်းလို့ အထက်စီးဆန်စွာ တွေးထားခဲ့ပုံ...။

အမုန်းတရားတို့၏မာယာ (Completed)Donde viven las historias. Descúbrelo ahora