အချိန်အားဖြင့် မနက်၆နာရီကျော်နီးပါး။ ပြတင်းဘက်ကလှမ်းကြည့်မိတော့နေ၀န်းသည် ဖုံးလွှမ်းနေသောမြူရိပ်တို့ကို ဖောက်ခွင်းကာရောင်နီပြူရန် အရှိန်ပျိုးနေ၏။
မှန်ရှေ့တွင်ရပ်နေရင်း ကိုယ့်နှုတ်ခမ်းပါးကိုယ်ပြန်ထိကြည့်မိနေခဲ့တာ ဘယ်နှကြိမ်မြောက်မှန်း သော်လေးကိုယ်တိုင်ပင်မသိ။
မုန်းတာကသက်သက်...ရှက်မိတာက သက်သက်ရယ်မို့ ကိုကိုနဲ့မျက်နှာချင်းဆိုင်နိုင်ရန် ကို့ဘာသာအထပ်ထပ်အားပေးနေခဲ့ရသည်။
စင်္ကြလမ်းကိုဖြတ်လျှောက်ရင်း လှေကားဘက်အသွား ကံဆိုးစွာပင် ကိုကိုနဲ့တည့်တည့်တိုးရ၏။
"သော်လေး"
"ဗျာ"
ပါးသိုင်းမွှေးတွေကို ရှင်းလင်းအောင်ရိတ်ထားခဲ့သဖြင့် ကိုကို့မျက်နှာဟာ စိမ်းစစ...။
"မနေ့ကဖြစ်ခဲ့သမျှမေ့ကြရအောင်... မနေ့က ကိုကိုအရမ်းမူးနေလို့"
ကိုကိုဟာ အလိမ်အညာစကားကို မျက်တောင်မခတ်တမ်းပြောပါ၏။ ရှက်ရွံ့နေမိသည့်ကြားမှပင် ကိုယ့်ကိုနမ်းတာဟာ မူးနေလို့ပါ ဆိုတဲ့အကြောင်းပြချက်ကြောင့် သော်လေးရဲ့မာနဟာလဲ ခေါင်းထောင်လာရပြန်သည်။
"ရပါတယ်ဗျ... သော်လေးလဲ မှတ်ထားချင်တဲ့ မှတ်ညဏ်မဟုတ်ခဲ့တာမို့ မေ့ဖို့ဆိုတာ ကိုကိုတကူးတကတောင်းဆိုစရာမလိုပါဘူး"
ရှေ့ကဆင်းသွားသောကလေးငယ်ကိုကြည့်ကာ သူ့ရင်ထဲမှ ဟာသွားရ၏။
မင်းကမေ့ဖို့လွယ်ပေမဲ့ ကိုကိုကတော့ အဲ့အနမ်းကိုတစ်သက်လုံးရင်ထဲသိမ်းထားတော့မှာ...။
... 🖤 ...
မာန်၀င့်ထည်နဘေးတွင် ထိုင်နေခဲ့သော ယွန်းဟာ အနီပေါ်တွင်အဖြူပွင့်ဖက်များပါသော၀မ်းဆက်ခပ်စိုစိုလေးဖြင့် ရဲရင့်စွာလှပနေခဲ့လျက်ရှိသည်။ ဆံပင်အကုန်လုံးကိုအပြောင်သိမ်းကာအမြင့်ထုံးထားပြန်လေတော့ ပုံစံပေါ်နေသောဆံဦးချွန်လေးကြောင့် မျက်နှာလေးကမဟာဆန်လှ၏။
သို့ပေမယ့် အလိုမကျဟန် နှုတ်ခမ်းလေးတွေက ဆူနေသယောင်...။
"ဘာတွေအဲ့လောက်တွေးနေတာလဲ မောင်"
YOU ARE READING
အမုန်းတရားတို့၏မာယာ (Completed)
Fantasy၀န်ကြီးချုပ်တစ်ယောက်ရဲ့သားဖြစ်တာမို့ဆိုးချင်တိုင်းဆိုးနေတဲ့သူဠေးသားလေးနဲ့ အဲ့သူဠေးသားလေးရဲ့ကားဘီးတွေအောက်သေသွားခဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့မျက်မမြင်သားငယ်လေး၊ သူတို့နှစ်ယောက်ကြားကအမုန်းတွေကနေ တဖြည်းဖြည်းအချစ်ဆီကို ကူးပြောင်းလာတဲ့ပုံကိုရေးသားထားတာပါရှင...