သင်္ကြန်ရောက်တော့မည်ဖြစ်၍ ခြံထောင့်မှာပိတောက်ပင်ကြီးက ပန်းပွင့်ဖို့အရှိန်ယူလို့နေရှာခဲ့၏။ နွေဦးကိုသယ်ဆောင်လာတဲ့ဥဩသံကို ခပ်သဲ့သဲ့ကြားနေခဲ့ရသည်။
သော်လေးက ရှိန်းထူးလက်ဆောင်ပေးသော စာအုပ်တွေထဲက ပါပီလွန်နဲ့ဗင်ဂို ဆိုတဲ့စာအုပ်လေးကို ဖတ်နေခဲ့မိ၏။ ပါပီလွန် ဆိုတဲ့ ဇာတ်ဆောင်လေးက အရမ်းသတ္တိရှိတယ်လို့တွေးမိပြန်တော့ သော်လေးကသတ္တိနည်းတယ် လို့ ပြောတဲ့ သူငယ်ချင်းအကြောင်းပြန်စဉ်းစားနေမိ၏။
ကိုယ့်ကိုကိုယ် သတ္တိနည်းလား၊ မနည်းလား စဉ်းစားကြည့်မိပြန်တော့ မျက်ရည်လွယ်လွန်းတာကိုသတိထားမိသည်။ ဒါကရော လူတွေရဲ့သတ္တိတိုင်းတဲ့ပေတံ ထဲမှ ပါရှာရော့လား။ ယောင်္ကျားလေးဆို မငိုနဲ့ တဲ့။ ယောင်္ကျားလေးကရော လူဘဲမဟုတ်ဘူးလား လို့ သော်လေးက ခပ်ရမ်းရမ်းလေးတွေးနေမိခဲ့သည်။
ဒေါက် ...ဒေါက်။
"ဧည့်သည့်လာပါတယ် သခင်လေး"
"ဘယ်သူလဲဗျ"
"မိန်းကလေးတစ်ယောက်ဘဲ သခင်လေး"
အသစ်ရောက်လာတဲ့ အိမ်အကူကောင်မလေးက ခေါင်းငုံ့ရင်းပြော၏။ သူ့စိတ်ထဲ နာမည်မမေးလာခြင်းကို သော်လေးဆူမှာကြောက်ဟန်တူ၏။ သော်လေးထက် အသက်ကြီးပြီဖြစ်သော်လည်း ဂုဏ်အရှိန်အဝါက သူမကို သော်လေးထံဦးညွှတ်အောင် ဖိထားခဲ့ပုံပင်...။
အောက်ထပ်ကိုဆင်းလာပြီး ဧည့်ခန်းထဲရောက်သွားမိတော့ စောင့်နေသူက ယွန်း။ သော်လေးက မမျှော်လင့်ထားတာမို့ ရုတ်တရက်မျက်နှာမထားတတ်သလို ဖြစ်သွားမိ၏။ ယွန်းကတော့ သော်လေးကို ခပ်စူးစူးလေးစိုက်ကြည့်ရင်း ပြုံးပြလေသည်။
သော်လေးက အပြစ်လုပ်ထားမိတဲ့ ကျောင်းသားတစ်ဦးလို မျက်လွှာချထားမိ၏။ သိမ်ငယ်စိတ်တွေက ရင်ကို ဝုန်းခနဲပြေး၀င်ရိုက်ခတ်လာသလို...။
"အဟင်း ... တို့ကို ကြည့်ပါဦး သော်လေးရဲ့"
ယွန်းက အောင်နိုင်သူလို ခပ်ပေါ့ပေါ့ပြော၏။
"ဟုတ် ... ဟုတ်ကဲ့"
"အင်း"
အထစ်ထစ်အငေါ့ငေါ့ဖြစ်နေရှာသော သော်လေးကိုကြည့်ရင်း ယွန်းစိတ်ဟာလဲ ဘောင်ဘင်ခတ်နေမိခဲ့၏။ သူမရှေ့မှာ အရှုံးသမားလေးလို မျက်လွှာချထားသူသည် သူမအရှုံးကြီးရှုံးခဲ့ရတဲ့ အောင်နိုင်သူအစစ် မဟုတ်ပါလား။

YOU ARE READING
အမုန်းတရားတို့၏မာယာ (Completed)
Fantasy၀န်ကြီးချုပ်တစ်ယောက်ရဲ့သားဖြစ်တာမို့ဆိုးချင်တိုင်းဆိုးနေတဲ့သူဠေးသားလေးနဲ့ အဲ့သူဠေးသားလေးရဲ့ကားဘီးတွေအောက်သေသွားခဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့မျက်မမြင်သားငယ်လေး၊ သူတို့နှစ်ယောက်ကြားကအမုန်းတွေကနေ တဖြည်းဖြည်းအချစ်ဆီကို ကူးပြောင်းလာတဲ့ပုံကိုရေးသားထားတာပါရှင...