အပိုင်း(၂၂)

5.9K 358 3
                                    

ပုဂံကအပြန်ခရီးမှာတော့ သော်လေးရင်မှ လွမ်းမောလျက်ရှိရ၏။ နောက်တစ်ခေါက်တော့ ကျိန်းသေပေါက်လာဦးမယ် လို့ ခပ်တိုးတိုးရေရွတ်မိ၏။

ဘယ်သူနဲ့လာရမလဲ လို့တော့ မတွေးချင်သေးပါ။ တစ်ခေါက်လောက် ထပ်လာချင်သေးတယ် လို့ဘဲ တိုင်တည်မိရုံလေးတင် ရပ်ထားမိသည်။

မြင်ကွင်းထဲမှာတော့ ထနောင်းပင်စိမ်းစိမ်းတွေ၊ မန်ကျည်းပင်တွေ၊ ဂန္တာရပင်တို့ဟာ ရိပ်ခနဲ၊ ရိပ်ခနဲ...။ ပုဂံပုထိုးတို့ဟာလဲ မှိုင်ပျပျကျန်ခဲ့၏။ ဧရာ၀တီရေစီးသံဟာ ခပ်သဲ့သဲ့သာကြားရတော့သည်။

အသွားခရီးတွင် တက်ကြွသလောက် အပြန်ခရီးတွင် အားလုံးက ကိုယ့်အတွေးနဲ့ကိုယ်ငြိမ်သက်နေကြ၏။ ပုဂံကို လွမ်းစိတ်ကလေး၀င်ရောက်နေခြင်းလို့ သော်လေးက မိမိနည်းတူ မှတ်ယူမိသည်။

နောက်တခေါက်တော့ အရောက်လာပေဦးမည် ပုဂံရေ..။

... 🖤 ...

ရှိန်းထူးကပင် သော်လေးကို အိမ်ထိလိုက်ပို့၏။ မာန်၀င့်ထည်ကတော့ ယွန်းကိုလိုက်ပို့သဖြင့် အိမ်ကိုပြန်မရောက်သေး။

"ပင်ပန်းသွားပြီ သော်လေး... သေချာအနားယူဦးနော်"

"ဟုတ်ကဲ့... အကိုတို့လဲ ကားကိုဂရုစိုက်မောင်းပြီးပြန်ကြပါဗျ"

ကားထွက်သွားတဲ့အထိ စောင့်ကြည့်ပေးပြီးမှ အပြေးလေးထွက်လာသောကြည်ပြာကိုတွေ့ရ၏။ ချည်ထည်၀မ်းဆက်ကလေး၀တ်ထားသောကြည်ပြာဟာ ရိုးရိုးယဉ်လှကာ ငြိမ်အေးလှ၏။

"အန်တီကြည်ပြာက ပိုလှလာတာဘဲ"

သော်လေးက ခပ်ချွဲချွဲပြောတော့ ကြည်ပြာက နှုတ်ခမ်းလေးတွန့်ကာ မျက်စောင်းရိပ်ခြည်ထိုးလေ၏။

"အမယ် သခင်လေးက ပိုရန်ကောရှင်... မြှောက်ပြောလဲ လက်ဆောင်ကပေးရမှာဘဲနော်"

"ပါပါ့ဗျာ"

သော်လေးက ကျောပိုးအိတ်ထဲမှာ စက္ကူအိတ်လေးကိုထုတ်ပေး၏။ မည်းနက်နေသောယွန်းလက်ကောက်လေးပေါ်တွင် ပန်းကနုတ်လေးများဖြင့် လှပလို့နေ၏။ ယွန်းနံ့လေးက သင်းပျံ့နေသည်။ စိမ်းမြနေသော ကျောက်စိမ်းပုတီးတစ်ကုံးပါသေး၏။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now