အပိုင်း(၄၂)

5.3K 264 3
                                    

အချိန်ကား မနက်သုံးနာရီ၀န်းကျင်ခန့်။

ခြံ၀န်းရဲ့မလှမ်းမကမ်းရှေ့တွင် မာန်၀င့်ထည်ကကားကို ရပ်တန့်ရင်း အိမ်ကြီးကိုလှမ်း‌ငေးနေမိ၏။ ကြည်ပြာ့ရဲ့အလောင်းကို သူကိုယ်တိုင်ဆေးရုံကိုအပ်ခဲ့ပြီး မူခင်းဆရာ၀န်က မနက်ဖြန်မနက်ပြန်လာထုတ်ရန်မှာကြားခဲ့သည်။

ကြည်ပြာ့ရဲ့အိမ်ကိုအကြောင်းကြားပြီးဖြစ်ပေမဲ့ ခက်တာကသော်လေး။ ဘယ်လိုစိတ်နဲ့မှ ကြည်ပြာဆုံးပါးသွားတဲ့အကြောင်းကို သော်လေးကိုသူမပြောပြနိုင်။ သူ့အမေဆုံးတုန်းက အကြီးအကျယ်စိတ်ထိခိုက်ခဲ့ရတဲ့ကလေး။ ဒီတကြိမ်ဆို ပြန်နလန်ထူနိုင်ပါ့မလား။

သူ့မျက်လုံးထဲ သော်လေးရဲ့အေးစက်စက်အပြုံးတွေကို ပြန်မြင်ယောင်လာ၏။ လူကြောက်တတ်တာကို ပြန်စဉ်းစားနေမိသည်။ တစ်ယောက်တည်းတကုပ်ကုပ်နေတတ်တဲ့ ပုံစံတွေ... ဒါတွေကို သူပြန်မမြင်နိုင်ပါ၊ ပြန်မကြည့်ချင်တော့။

ပြောရမလား၊ မပြောရမလား တွေဝေနေခိုက် ဖုန်းထပ်၀င်လာ၏။ ဖုန်းမျက်နှာပြင်ပေါ်မှာ ကလေး ဆိုသောနာမည်လေးကို သူတွေတွေကြီးကြည်နေခဲ့မိသည်။ မပြောတော့ပါ၊ ဒီကလေးကို သူမပြောပြ‌တော့ဘူး လို့ ဆုံးဖြတ်ရင်း ခြံ၀န်းဆီကားဦးတည်လိုက်မိ၏။

"ကိုကို"

ကားကိုမြင်တာနဲ့ သူ့စီပြေးလာတဲ့ကလေး။ ဖောင်းနေသောမျက်ခွံလေးတွေက တစ်ညလုံးငိုယိုနေခဲ့ကြောင်းသက်‌သေပြ၏။

"မအိပ်ဘူးလားကွာ"

"ဟင့်အင်း ... အန်တီကြည်ပြာရော၊ ပြန်ပါလာလား။ ပြန်မလိုက်လာဘူးတဲ့လား။ စိတ်‌ဆိုးတယ်တဲ့လား။ သော်လေးကိုမုန်းတယ်တဲ့လားဟင်"

ပါမလာမှန်းသိရဲ့နဲ့ သော်လေးဟာ မာန်၀င့်ထည်ရဲ့ကားနောက်ခန်းလေးကို ပြူးကြောင်ကြောင်လေးနှင့် လျှောက်ရှာနေခဲ့၏။ မာန်၀င့်ထည်က သော်လေးပုခုံးကိုဖက်ရင်း အိမ်ပေါ်သို့ခပ်ဖြည်းဖြည်းတက်လာခဲ့သည်။

ဘေးနားမှာစောင့်ဆိုင်းနေခဲ့ကြတဲ့ယုယတို့ကိုတော့ မသက်မသာပြုံးပြခဲ့မိသည်။ သော်လေးမရှိချိန်မှ အ‌ကျိုးအကြောင်းရှင်းပြရပေမည်။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now