(Unicode)
"ဘတ်ဟျွန်း...ဖြည်းဖြည်းသွား..."
ပူပြင်းတဲ့ နေရောင်ခြည်ကြောင့် ချန်ယောလ် ဦးထုပ်ကိုပြင်ဆောင်းရင်း ဘတ်ဟျွန်းကို လှမ်းအော်ပြောလိုက်တယ် ။ ဘတ်ဟျွန်းက ပူအိုက်တဲ့ ရာသီကို မမှုဘဲ လမ်းမထက်ကလေးတစ်ယောက်လို ပြေးလွှားရင်း...။
ခါးပိုက်နှိုက်ရန်ကို စိတ်ပူပန်မိသေးတာမို့ ချန်ယောလ်က လွယ်အိတ်ကို ပခုံးပေါ်သေချာတင်လွယ်လိုက်ပြီး ဘတ်ဟျွန်းနောက်ကို ခပ်မြန်မြန်လိုက်သွားလိုက်တယ် ။
ခြေလှမ်းကျယ်တွေနဲ့ သူက ဘတ်ဟျွန်းကို ခဏအတွင်းမှာပဲ မီသွားတဲ့အခါ ဘတ်ဟျွန်းက ဟိုကြည့်ဒီကြည့်နဲ့ အင်မတန်ပျော်ရွှင်နေတဲ့ပုံပေါက်နေတယ် ။"ဘတ်ဟျွန်း...မင်းအဲ့လောက် ပြေးလွှားနေတာ ပျောက်သွားရင် ဘယ့်နှယ့်လုပ်မလဲ..."
"မပျောက်ပါဘူး...ပျောက်လည်း အစ်ကိုက ကျွန်တော့်ကိုလိုက်ရှာမှာပဲလေ..."
ရယ်မောရင်း ချန်ယောလ်ကို လှည့်ပြောလာတဲ့ ဘတ်ဟျွန်းကိုကြည့်ရင်း ချန်ယောလ်က ပြုံးလိုက်တယ် ။ "ငလည်လေး.. "လ်ို့ ခပ်တိုးတိုးရေရွတ်ရင်း ဘတ်ဟျွန်းထပ်ပြီး လျှောက်ပြေးလွှားမနေအောင် လက်ကို လှမ်းကိုင်ထားလိုက်တယ် ။ တိုင်းတာပြီး ထုဆစ်ထားသလားမှတ်ရအောင် ဘတ်ဟျွန်းလက်က သူ့လက်ထဲ နေသားတကျ ကွက်တိ ဝင်သွားတဲ့အခါ ချန်ယောလ် စိတ်ကျေနပ်သွားတယ် ။ အမြဲတမ်း ကိုင်နေကြ လက်ဖဝါးငယ်ကို ချန်ယောလ်ကတော့ ဘယ်တော့မှ မငြီးငွေ့နိုင်ဘူး ။
"အားရား...လူကြားထဲမှာ.. လက်ကိုင်စရာလား...ရှက်စရာကြီး..."
တမင်တကာ ဟန်မူပိုပြနေတဲ့ ဘတ်ဟျွန်းကို လျစ်လျူရှုထားလိုက်ရင်း ချန်ယောလ်က ဘတ်စ်ကားလက်မှတ်ဝယ်ဖို့ လက်မှတ်ရုံကို ကြိုးစားရှာဖို့ စဥ်းစားလိုက်တယ် ။
ဘတ်ဟျွန်းက ပေါ့ပါးတဲ့ ခြေလှမ်းတွေနဲ့ လစ်ရင်လစ်သလို လျှောက်လျှောက်သွားတတ်တာမို့ ချန်ယောလ်က သတိထားပြီး လိုက်လိုက်ကြည့်နေရတယ် ။ မဟုတ်ရင် ဘယ်သူမှသူတို့ကိုမသိတဲ့ နိုင်ငံမှာ လူကွဲသွားရင် ဘယ်လိုရှာရမလဲဆိုတဲ့အရေးကို ချန်ယောလ် တွေးတောင်မတွေးချင်ခဲ့ဘူး...။