(Unicode)
(3)
"စီနီယာ မပြန်သေးဘူးလား..."
ကွန်ပျူတာရှေ့မှာ နေ့လယ်ထမင်းစားပြီးတည်းက ထိုင်နေတဲ့ ချန်ယောလ်က အလုပ်သင်လေးဂျုံအင်ရဲ့ အသံကြားမှ နာရီကို ကြည့်မိတယ် ။ ချန်ယောလ် အလုပ်မှာပဲ အာရုံစိုက်နေမိတာမို့ အလုပ်ဆင်းချိန်ရောက်နေတာကိုတောင် သတိမထားမိလိုက်ဘူး ။
"အင်း...ဒါလေးတွေ ပြီးအောင်လုပ်ချင်လို့..."
"သိပ်လည်းနောက်မကျစေနဲ့ဦး..."
မရိုမသေနဲ့ လက်ပြပြီး ထွက်သွားတဲ့ ဂျုံအင်ကို ကြည့်ပြီး ချန်ယောလ် ခေါင်းခါလိုက်မိတယ် ။ ဘယ်သူက စီနီယာမှန်းတောင်မသိတော့ဘူး ။ ဂျုံအင်က စစချင်းကသာ သူ့ကို ရိုသေသလိုလိုနဲ့ ။ နောက်ပိုင်း ရင်းနှီးသွားတော့ ခုလို မရိုမသေတွေ ဆက်ဆံနေတာပဲ ။ ဒါကလည်း မကောင်းတဲ့ သဘောနဲ့မဟုတ်ဘဲ ဂျုံအင်ရဲ့ သဘာဝဆိုတာ ချန်ယောလ်သိလို့ ဘာမှတော့ အထွန့်မတက်ဖြစ်တော့ ။
ရုံးတစ်ခုလုံးမှာ ချန်ယောလ် တစ်ယောက်ပဲ ကျန်ခဲ့တာမို့ တိတ်ဆိတ်နေတယ် ။ ချန်ယောလ်က အိမ်ကို အလုပ်တွေ သယ်မသွားချင်တဲ့အတွက် အခုလို အလုပ်တွေပိလာတိုင်း ရုံးမှာပဲ နောက်ကျတဲ့ထိ နေတတ်တယ် ။ အလုပ်တွေပြီးတဲ့အချိန် နာရီကြည့်လိုက်တော့ ၉နာရီထိုးလုနီး ဖြစ်နေပြီ ။ ချန်ယောလ် ထိုင်ခုံမှာကျောမှီရင်း ညောင်းညာနေတဲ့ အကြောတွေအကုန် ဆန့်ထုတ်ပစ်တယ် ။ အလုပ်ကို ကြိုးကြိုးစားစား တစ်ခါလောက် လုပ်လိုက်တာနဲ့ ချန်ယောလ် အသက်ဆယ်နှစ်လောက်ကြီးသွားသလို ခံစားလိုက်ရတာပဲ ။ အိမ်ပြန်ပြီး အနားယူချင်နေပြီ ဖြစ်တာမို့ ချန်ယောလ် ခပ်မြန်မြန်ပဲ အကုန်လုံးကို သိမ်းဆည်းလိုက်တယ် ။
ဒီနေ့လည်း သူကော်ဖီ မသောက်နိုင်တော့ဘူး ထင်ပါရဲ့ ။
•°•°•
ချန်ယောလ် ကော်ဖီဆိုင်ရှေ့က ဖြတ်သွားတဲ့ အချိန် မရည်ရွယ်ဘဲ ဆိုင်ထဲကို အကြည့်ပို့မိတယ် ။ ဆိုင်ထဲမှာ ဘယ်သူမှ မရှိတော့တဲ့အပြင် ဘတ်ဟျွန်းတစ်ယောက် ဆိုင်သိမ်းဖို့တောင် လုပ်နေပြီ ။