(Unicode)
ဘတ်ဟျွန်း : "သည်းလေးရေ..."
ချန်ယောလ် : "......"
ဘတ်ဟျွန်း : "အချစ်ကလေးရေ ထူးပါဦးကွာ..."
ချန်ယောလ် : "......"
ဘတ်ဟျွန်း : "ချစ်တုံးလေး ဗိုက်ဆာနေပြီလား..."
ချန်ယောလ် : "ဘတ်ဟျွန်း မင်းအဲ့ခွေးကို ဘယ်ချိန်ထိ ချစ်လေးသည်းလေး လုပ်နေမှာလဲ!"
ဘေးကနေ ထိုင်ကြည့်နေတဲ့ ပတ်ချန်ယောလ်ခမျာ မနေနိုင်ဘဲ လှမ်းအော်တော့ ဘတ်ဟျွန်းက ချန်ယောလ်ကို တစ်ချက်ပဲ လှည့်ကြည့်လာပြီး လက်ထဲ ပိုက်ထားတဲ့ ခွေးဆီ အကြည့်ပြန်ရောက်သွားတယ် ။
"နောက်ပြီး ဘယ်ကကောက်လာတဲ့ ခွေးလဲကွာ..."
"ခွေးလို့မခေါ်နဲ့ အစ်ကိုရ...သူ့နာမည်ရှိတယ်..."
"ခွေးမဟုတ်လို့ ငါလား...ချစ်လေး သည်းလေး လုပ်နေတာ..."
ချန်ယောလ် စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်တော့ ဘတ်ဟျွန်းက ထရယ်တယ် ။ ချန်ယောလ်တစ်ယောက် ခွေးပါမချန် သဝန်တိုနေတာမို့ ဘတ်ဟျွန်းက ကြမ်းပြင်ပေါ် လူးလှိမ့်နေအောင် ရယ်နေရတယ် ။ ချန်ယောလ် မျက်နှာက ခပ်ပုပ်ပုပ် ။
"အဲ့ခွေးကို သွားပြန်ပစ်လိုက်ပါတော့ကွာ..."
ချန်ယောလ်က စိတ်ရှုပ်စွာပြောလိုက်မိတယ် ။ ဘတ်ဟျွန်းခေါ်လာတဲ့နေ့တည်းက အဲ့ခွေးက အမြီးတနှံ့နှံ့နဲ့ ချန်ယောလ် ကြည့်လို့ရတာမဟုတ် ။ ညညဆိုလည်း သူတို့မွေ့ရာပေါ် တက်ပြီး နှစ်ယောက်ကြားဝင်အိပ်သေးတာ ။ အိမ်ထဲမှာလည်း လျှောက်ပြေးနေပြီး ချန်ယောလ် လိုက်ထိန်းလို့မနိုင်ဘူး ။ ဘတ်ဟျွန်း ရင်ခွင်ထဲ ထားမှ ငြိမ်တဲ့ ကောင်းကျိုးမပေးတဲ့ ခွေး ။
"ပစ်ထားလို့ ခေါ်လာတာပါဆို ထပ်ပစ်ရင်သနားစရာကောင်းနေမှာပေါ့..."
တကယ်သနားစရာကောင်းနေတာက ငါပါလို့ အော်ပစ်ချင််စိတ်ကို ချန်ယောလ် ထိန်းလိုက်ရတယ် ။
"ချစ်ဖို့ကောင်းပါတယ် သေချာကြည့်ကြည့်..."
"မကြည့်ဘူး သွား..."
ချန်ယောလ် နေရာကနေ ထလာခဲ့လိုက်တော့တယ် ။ ခွေးနဲ့ပြိုင်ပြီး နေရာလုနေရတဲ့ ခံစားချက်က သိပ်တော့မကောင်းလှဘူး ။