Episode 21

2.6K 472 22
                                    

(Unicode)

(21)

ဘတ်ဟျွန်းနဲ့ တွဲတာ တစ်နှစ်ပြည့်တဲ့နေ့မှာ ပုံမှန်ဆို အလုပ်က နားရက်မယူတတ်တဲ့ ချန်ယောလ်က နားရက်ရှည်ယူပြီး ဘတ်ဟျွန်းနဲ့အတူ အပန်းဖြေခရီးထွက်ခဲ့တယ် ။

ဝေးဝေးလံလံ မဟုတ်ဘဲ ရထားနဲ့သွားရင် နေ့တစ်ပိုင်းလောက်ပဲ ကြာတဲ့ နေရာကို ချန်ယောလ် ရွေးချယ်ထားတယ် ။ ဘတ်ဟျွန်းက ချန်ယောလ် အကြံကို ဝမ်းပန်းတသာပဲ လက်ခံပြီး သူ့ရဲ့ အဝတ်တွေကို အိတ်ထဲထည့်နေတယ် ။

လိုအပ်တဲ့ တောင်တက်ပစ္စည်းတွေ ထွက်ဝယ်တဲ့အခါ ဘတ်ဟျွန်းက လိုတာထက်ပိုပြီးပျော်ရွှင်နေခဲ့တယ် ။
သူ့ဘဝမှာ အကုန်လုံးနီးပါး လုပ်ဖူးခဲ့ပေမဲ့ တစ်ခါမှတောင်မတက်ဖူးဘူးလို့ ဝမ်းသာအားရ ဆိုလာတယ် ။

ချန်ယောလ်က ဒီစကားကိုကြားတဲ့အခါ ဘတ်ဟျွန်းအကြောင်းကို သူသာအသိဆုံးဆိုတဲ့ ပုံနဲ့ ဂုဏ်ယူဝမ်းမြောက်ခဲ့ပါသေးတယ် ။ ဘတ်ဟျွန်းက သူ့ဘဝမှာ ပထမဆုံးအကြိမ်တက်မဲ့ တောင်တက်ခရီးအတွက် စိတ်လှုပ်ရှားနေတယ် ။ ဝတ်ဖို့အဝတ် ၊ စီးဖို့ဖိနပ်ရွေးတာတောင် သူ့မှာ ဘာကိုမှ စိတ်တိုင်းမကျနိုင်သေးဘူး ။ နောက်ဆုံး စိတ်မရှည်တော့တဲ့ ချန်ယောလ်ကပဲ ဘတ်ဟျွန်းနဲ့လိုက်တဲ့ အရောင်ကို ရွေးဝယ်ပေးလိုက်ရတယ် ။

သူတို့နဲ့ လိုက်မယ်တကဲကဲလုပ်နေတဲ့ မီနာကို သူမအမေက အတင်းပြန်ဆွဲထားတယ် ။ လိုက်ချင်တာကို မလိုက်ရလို့ အိမ်ရှေ့မှာ ငိုယိုပြီး ကျန်ခဲ့တဲ့ ကလေးမလေးကို ချော့ဖို့ ဘတ်ဟျွန်းက အပြန်ကျရင် လက်ဆောင်ဝယ်ခဲ့မယ်လို့ ကတိပေးခဲ့တယ် ။ အဲ့တော့မှ အငိုတိတ်သွားတဲ့ မီနာက လိုက်ချင်စိတ်ကိုတော့ ဖျောက်လို့ရပုံမပေါ် ။ နှာလေးတရှုံ့ရှုံ့နဲ့ ချစ်စဖွယ် လက်ပြကျန်ရစ်ခဲ့တယ် ။

နှစ်ယောက်အတူ ခရီးမထွက်ဖူးသေးတာကြောင့် နှစ်ယောက်လုံးစိတ်ထဲ အများကြီး မျှော်လင့်မိတာတော့အမှန် ။ ပိတ်ရက်မဟုတ်ပေမဲ့ ရုံးတက်ရုံးဆင်းချိန် မဟုတ်တာကြောင့် ရထားတွဲထဲမှာ လူရှင်းနေတယ် ။ သူတို့အပြင် ရထားတွဲထောင့်စွန်းမှာ ထိုင်နေတဲ့ အဘွားအိုတစ်ယောက်ရယ် ၊ အပေါက်ဝနားရပ်နေတဲ့ကောင်လေးတစ်ယောက်ပဲ သီးသန့် တည်ရှိနေကြတယ် ။

F r e e d o mWhere stories live. Discover now