(Unicode)
(12)
"အား...ခုလိုအေးအေးဆေးဆေးမသောက်ရတာ တကယ်ကြာပြီ..."
ဘတ်ဟျွန်းက ပခုံးပေါ် ပဝါတစ်ထည်တင်ရင်း ဘီယာနှစ်ဘူး ကိုင်လို့ ဝရံတာကို ထွက်လာတယ် ။ အခုမှခေါင်းလျှော်လာပုံရပြီး ဆံပင်တွေက မခြောက်သေးဘဲ ခပ်စိုစို အနေအထား ။
"ဟိုနေ့ကတင် မင်းကလပ်သွားသောက်ထားတာ မဟုတ်ဘူးလား..."
"ဒါက ဘီယာ...မတူဘူး..."
ဘတ်ဟျွန်းက ဘီယာတစ်ဘူးကို ချန်ယောလ်ကို ပစ်ပေးရင်း ခပ်မြူးမြူးပြောတယ် ။ ချန်ယောလ် လှမ်းဖမ်းလိုက်ပြီး ခေါင်းခါရင်း ရယ်လိုက်မိတယ် ။ ဖောက်ခနဲ မြည်သံနဲ့အတူ ဘီယာဘူးကိုဖွင့်ရင်း နှစ်ယောက်သား ဘူးချင်းတိုက်လိုက်ကြတယ် ။
"အလုပ်က အဆင်ပြေနေလား..."
"ဒီလိုပါပဲ...အရင်အတိုင်းပဲ..."
ဘီယာတစ်ငုံသောက်လိုက်ရင်း ချန်ယောလ် ပြန်ဖြေလိုက်တယ် ။ အလုပ်နဲ့ပတ်သက်ရင် ချန်ယောလ် အရင်လို စိတ်နှစ်ပြီး အလုပ်မှ အလုပ် ဖြစ်မနေတော့ဘူး ။ ဒါကြောင့်လည်း သူပိုပြီး စိတ်ချမ်းသာနေရတယ် ထင်တာပဲ ။
"အရင်ထက်တော့ ပိုပျော်နေပုံပဲ..."
"ဟုတ်လား မင်းကြောင့်နေမှာ..."
ချန်ယောလ် စသလိုနောက်သလို ပြောလိုက်တော့ ဘတ်ဟျွန်းက ရယ်နေတယ် ။
ခဏကြာတော့ နှစ်ယောက်သား တိတ်ဆိတ်လို့ ဒီအတိုင်းထိုင်နေဖြစ်တယ် ။ မြို့ပေါ်မှာမို့လို့လားမသိ ။ လမ်းတွေ တိုက်တွေက မီးရောင်တွေကြောင့် လရောင်လည်းမမြင်ရသလို ကြယ်တွေကိုလည်း အစအနတောင် ရှာမတွေ့ဘူး ။ ချန်ယောလ်က ဘတ်ဟျွန်းကို မသိမသာ ခိုးကြည့်လိုက်မိတယ် ။
ဒီလိုအချိန်မျိုးက ရုပ်ရှင်တွေထဲမှာဆို ဖွင့်ပြောလို့ အကောင်းဆုံး အချိန်ပဲ ။
ဟင် နေပါဦး...သူအခု ဘတ်ဟျွန်းကို ဖွင့်ပြောဖို့ စဥ်းစားနေတာလား ။
ချန်ယောလ်က ကိုယ့်အတွေးနဲ့ကိုယ် မျက်နှာတစ်ခုလုံး ထူပူလာတယ် ။ သူဘတ်ဟျွန်းကို ဖွင့်မပြောချင်ဘူး ။ ဒီတိုင်းလေးပဲ ရှိနေချင်တယ် ။ ညတိုင်း ဝရံတာမှာထိုင်လို့ အတူတူရယ်မောရင်း ၊ ကော်ဖီဆိုင်မှာ ကော်ဖီအရသာအသစ်အဆန်းတွေမြည်းရင်း ဒီအတိုင်းလေးပဲ ဆက်သွားချင်တယ် ။ အကယ်၍များ သူသာ ဖွင့်ပြောလိုက်ရင် ဘတ်ဟျွန်းက ချက်ချင်းကွယ်ပျောက်သွားနိုင်သလို ခံစားနေရတယ် ။ ဒီတိုင်းလည်း အဆင်ပြေနေတာပဲ မဟုတ်လား ။