(Unicode)
(18)
ချန်ယောလ် ဘဝမှာ တစ်ခါမှ ချစ်ကြောင်းကြိုက်ကြောင်း မဝန်ခံခဲ့ဖူးဘူး ။ ဝန်ခံဖို့နေနေသာသာ ချစ်တောင်မချစ်ခဲ့ဖူးတဲ့ လူပျိုကြီး ။
အခုတော့ ရင်တလှပ်လှပ်နဲ့ သတ္တိပျိုးပြီး ပထမဆုံးအကြိမ် ဖွင့်ဟဝန်ခံ ခဲ့ပါတယ် ။ဆယ်ကျော်သက်တုန်းက မခံစားခဲ့ရတဲ့ ရင်ခုန် စိတ်လှုပ်ရှားစရာလေးတွေကို အခုမှ အတိုးချပြီ ခံစားနေရသလား မှတ်ရလောက်အောင် ချန်ယောလ် ရင်ဘတ်ထဲ ပွဲတော်တစ်ခုလို ဆူညံနေတယ် ။ ချန်ယောလ် ကြောက်ကြောက်နဲ့ တံတွေးကို ဂလုခနဲမြည်အောင် မြိုချမိတယ် ။
ဘတ်ဟျွန်းက သူ့ကို မျက်ခုံးတစ်ဖက်ပင့်ပြီး ကြည့်နေတယ် ။ ချန်ယောလ်ကို စူးစမ်းသလို သေချာကြည့်ပြီးနောက် လှစ်ခနဲ ပြုံးတဲ့အခါ ချန်ယောလ် ရင်ဘတ်ထဲ ထိန်းမနိုင်သိမ်းမရ လှုပ်ခတ်သွားတော့တယ် ။
*ဒါ...ဘာသဘောလဲ...*
ဘတ်ဟျွန်းက အားလျော့သွားတဲ့ ချန်ယောလ် လက်ထဲက သူ့လက်ကို ရုန်းထွက်လိုက်တယ် ။
"သိသားပဲ..."
ဟင် ဘာသိတာလဲ ...။
ချန်ယောလ် မမေးလိုက်ရ ။ ဘာလို့ဆို ဘတ်ဟျွန်းက ပြုံးရင်း နေရာကနေထသွားပြီး ချန်ယောလ် မသိလိုက်ခင်မှာပဲ ဘတ်ဟျွန်းက တံခါးဝနားရောက်နေပြီ ။
"ဒါဆို ကျွန်တော် ပြန်တော့မယ်..."
သူ့ကို ရယ်ကာမောကာနဲ့ လက်ပြရင်း ထွက်သွားတဲ့ ဘတ်ဟျွန်းကို ချန်ယောလ်က ကြောင်အအ ကြည့်နေမိတယ် ။
ဘာဖြစ်သွားတာလဲ ။
ဒါက...ဘယ်လိုအခြေအနေလဲ ။
ချန်ယောလ် နားမလည်နိုင်တော့ဘဲ ကြောင်တောင်တောင်ဖြစ်နေတယ် ။
အလောတကြီး အိမ်ပြင်ကို ပြေးထွက်ကြည့်မိတော့ ဘတ်ဟျွန်းကို မမြင်ရတော့ဘူး ။ထပ်ပြီး ...
ထပ်ပြီး သူ့ကိုထားပြီး ထွက်သွားပြီလား ။
အတွေးနဲ့အတူ ချန်ယောလ် ချွေးစေးတွေ ပြန်လာခဲ့တယ် ။ အသက်ရှူနှုန်းတွေလည်း မမှန်တော့သလိုပဲ ။