Episode 19

2.8K 517 25
                                    

(Unicode)

(19)

"ကဲကဲ...ဆရာလေး...သောက်ပါဦး..."

ဆူညံတဲ့ ရယ်မောသံ စကားပြောသံတွေကြားထဲ ချန်ယောလ်က မသက်မသာထိုင်နေမိတယ် ။ ပုံမှန်ဆို ကုမ္ပဏီက ညစာစားပွဲတွေသွားရင်တောင် အမြဲ တစ်သီးပုဂ္ဂလနေတတ်တဲ့ သူ့အကျင့်က အခုတော့ သူ့ကို မနေတတ်မထိုင်တတ် ဖြစ်စေတယ် ။

ဘတ်ဟျွန်းက ကျောင်းက အဖေတွေ ဆရာတွေနဲ့ ထိုင်သောက်နေတာဖြစ်ပေမဲ့ ချန်ယောလ်ကတော့ မဆီမဆိုင်နဲ့ ဆွဲခေါ်ခံလာရတာ ဖြစ်တယ် ။ ဘတ်ဟျွန်းက ရှိသမျှ လူတွေရဲ့ ပင်တိုင်အာရုံစိုက်စရာဘုံ ဖြစ်နေခဲ့ပြီး ပွဲစည်အောင်လုပ်ပေးနေတာလည်း ဘတ်ဟျွန်းပဲ ။ အဲ့တော့ ချောင်ကပ်ပြီးနေတတ်တဲ့ ချန်ယောလ်က ဘတ်ဟျွန်းဘေးထိုင်မိတဲ့အခါ လူတွေရဲ့ အာရုံစိုက်မှုကလည်း သူ့ဆီအလိုလိုကျလာတော့တယ် ။

"ဆရာလေးကို သိပ်မတိုက်ကြပါနဲ့...."

"ဟာ မဟုတ်တာ...ရပါတယ် ..လာ လာ..."

"မတိုက်ရဘူးလေ...ဆရာလေးကို..."

စားပွဲအတွင်းမှာတောင် ဘတ်ဟျွန်းကို အရက်တိုက်မဲ့သူနဲ့ အရက်မတိုက်ဖို့ တားနေတဲ့သူဆိုပြီး နှစ်ပိုင်းကွဲနေတယ် ။ ချန်ယောလ်က ဘေးမှာထိုင်ပြီး ဘာကြောင့်ဘတ်ဟျွန်းကို အရက်တိုက်ဖို့ တားနေကြလဲ နားမလည်နိုင်ဖြစ်နေတယ် ။ ဘတ်ဟျွန်းကတော့ ဘယ်သူပဲ ခွက်ထဲ ထည့်ပေးပေး အကုန်သောက်မယ်ဆိုတာချည်းပဲ ။ ဘတ်ဟျွန်းက သူမရှိတဲ့ အတောအတွင်း အရက်ချိုးဖြစ်သွားသလားလို့တောင် ချန်ယောလ် တွေးလိုက်မိတယ် ။

ပြောနေကြတဲ့အကြောင်းအရာတွေကလည်း ရောက်တတ်ရာရာ ဟိုရောက်ဒီရောက် ဖြစ်နေတာမို့ ချန်ယောလ်က ကြားထဲမှာ အူကြောင်ကြောင်နဲ့ ထိုင်နေရတယ် ။
သူကရောက်လာတာ မကြာသေးတဲ့သူမို့ ဒီအသိုင်းအဝိုင်းထဲ ချက်ချင်းအံဝင်ခွင်ကျ မဖြစ်နိုင်သေးဘူး ။

ဒါပေမဲ့ ဘတ်ဟျွန်းရဲ့ဆွဲခေါ်မှုကြောင့် သူအနေကြပ်နေရတာမျိုးတော့ မရှိဘူး ။ အရက်တွေတစ်ခွက်ပြီး တစ်ခွက်သောက်နေရတာကတော့ တစ်ပိုင်းပေါ့ ။

ချန်ယောလ်က သူတို့ပြောနေကြတဲ့ အကြောင်းတွေကို လိုက်နားထောင်နေရင်း ဘတ်ဟျွန်းကို တစ်ချက်တစ်ချက် လှမ်းကြည့်မိတယ် ။ အရက်ရှိန်ကြောင့် ဘတ်ဟျွန်းရဲ့ ပါးလေးတွေက ရဲနေပြီ ။ ဘတ်ဟျွန်းက သောက်နိုင်လား မသောက်နိုင်လားဆိုတာ သူသေချာမသိဘူး ။ အရင်က ဘတ်ဟျွန်းနဲ့သူ အတူသောက်ရင် ဘတ်ဟျွန်းက မမူးခင် အရင်အိပ်ပျော်သွားလေ့ရှိတာမို့ ဘတ်ဟျွန်းရဲ့ သောက်နိုင်စွမ်းကို သူမသိခဲ့ဘူး ။ အခုတော့ ဘတ်ဟျွန်းသောက်နေတာကို သူအံ့သြတကြီးပဲ ကြည့်နိုင်ပါတော့တယ် ။

F r e e d o mWhere stories live. Discover now