(Unicode)
(4)
ရာသီဥတုက ပူရတဲ့အထဲ ချန်ယောလ်က အရေးမကြီးတဲ့ အကြောင်းတွေ ထိုင်ပြောနေကြတဲ့ အလုပ်ကလူတွေနဲ့ ညစာစားပွဲမှာ ပျင်းရိပျင်းတွဲ ထိုင်နေရတယ် ။
သူတို့ဌာနက လူတွေအပြင် အထက်လူကြီးတွေပါပါတဲ့ ညစာစားပွဲမို့ ချန်ယောလ် မလိုက်ချင်လည်း လိုက်လာရတယ် ။ စားပွဲရဲ့ထိပ်ဆုံးမှာ ထိုင်နေတာက မန်နေဂျင်းဒါရိုက်တာ ။ နောက်တစ်မျိုးပြောရရင် ချန်ယောလ်ကို မြေတောင်မြောက်ပေးခဲ့တဲ့ အထက်လူကြီးဆိုတာပဲ ဖြစ်တယ် ။ ချန်ယောလ် မကျေမချမ်းနဲ့ ကျိန်ဆဲထားတဲ့ ဘိုးတော်ဆိုတာ သူပါပဲ ။
သူ့ရဲ့ ဘေးမှာတော့ ထုံးစံအတိုင်း ရာထူးတက်ချင်တဲ့သူတွေက ဝိုင်းလို့ အလုအယက် နေရာယူနေကြတယ် ။ ချန်ယောလ်ကတော့ စကားဝိုင်းနဲ့ မဆီမဆိုင် စားပွဲထောင့်ဆုံးမှာ ။ အားရပါးရ ကျိန်ဆဲထားလို့ မျက်နှာပူနေတာလား ။ ဒါမှမဟုတ် အရင်လိုပဲ လိုက်ပြီး အလိုလိုက်အကြိုက်ဆောင် ပြောပေးချင်စိတ် မရှိတော့တာလား မသိပေမဲ့ ချန်ယောလ်ကတော့ အခုချိန်မှာ အိမ်ပြန်ချင်စိတ်ပဲ ရှိနေတယ် ။
"ပျင်းဖို့ကောင်းလိုက်တာ...ပြန်တော့မယ်..."
ချန်ယောလ် ပြောချင်နေတဲ့စကားကို ချန်ယောလ် ဘေးမှာ ထိုင်နေတဲ့ ဂျုံအင်က အစားပြောလာတယ် ။
"လူကြီးတွေမပြန်ခင် ပြန်တာမကောင်းဘူးလေ..."
ချန်ယောလ် ခပ်တိုးတိုးပြောလိုက်တော့ ဂျုံအင်က တိတ်သွားတယ် ။ ထပ်ပြီး ညည်းညူလည်းမထူးတာကြောင့် စားပွဲပေါ်က အသားဖတ်တွေကိုပဲ တစ်ခုပြီးတစ်ခု ကောက်ဝါးတယ် ။
"ငါတို့ရဲ့ အလုပ်ကြိုးစားတဲ့ ချန်ယောလ်ရော...ငြိမ်လှချည်လား..."
စကားဝိုင်းရဲ့ ခေါင်းစဥ်က သူ့ဘက်လှည့်လာတဲ့အခါ ချန်ယောလ် မပါချင်ဘဲ လူကြီးတွေရဲ့ စကားဝိုင်းထဲ ပါသွားတော့တယ် ။ ချန်ယောလ်ကို အလုပ်ကြိုးစားမှန်းတော့သိကြပြီး ရာထူးတိုးပေးရကောင်းမှန်းတော့ မသိကြဘူး ထင်ရဲ့ ။
"အိမ်ထောင်မပြုသေးဘူးလား..."
ဒါကတော့ ချန်ယောလ် အရှောင်ချင်ဆုံး ခေါင်းစဥ်ပါပဲ ။ ရုံးက လူတချို့က ချန်ယောလ်ကို သူတို့သမီးတွေနဲ့ ချိတ်ပေးကြတာမျိုးတွေ ရှိတယ် ။ ချန်ယောလ်က
ရုပ်ရည်လေးရှိတဲ့အပြင် အသင့်အတင့် ရာထူးလေးနဲ့ ပုံမှန်လစာ ဝင်နေတဲ့ လက်ထောက်မန်နေဂျာလေးဆိုတော့ နေရာချပေးချင်ကြတာ ဆန်းတော့မဆန်း ။