နေ့တစ်ဝက်မကျိုးခင်မှာပဲ ဒေါ်ခင်မမသည် အလုပ်ကနေ အိမ်ကို အပြေးပြန်လာခဲ့ရသည်။
" ဒေါ်လေးခင်..ကျနော် သူနာပြု မလိုဘူး..နှင်းလည်း နေ့တိုင်း လာကြည့်ပေးနေတာပဲ "
" အဲ့လိုတော့ ဘယ်ဟုတ်မလဲ ခေတ်သွင်ရယ်.. ဆရာဝန်က ခဏပဲ လာကြည့်ပြီး စစ်ဆေးစရာရှိတာ စစ်ဆေးတာလေ..ကျန်တဲ့အချိန် လိုအပ်တာတွေ လုပ်ဖို့ သူနာပြုတစ်ယောက်ကတော့ အနားမှာ ရှိနေမှပေါ့ "
" ကျနော်က အနီးကပ် သူနာပြုနဲ့နေရအောင် အိပ်ယာထဲ လဲနေတဲ့ မသန်မစွမ်းလည်း မဟုတ်ဘူး ဒေါ်လေးခင်.. နေ့စဥ် ဝေယျာဝစ္စလည်း ကိုယ့်ဘာသာလုပ်နိုင်တယ် သူ့ကို အလုပ်ထုတ်လိုက်ပါ "
ဒေါ်ခင်မမက ဆိုင်းခေတ်သွင်ရဲ့ အဆိုကို လက်မခံဘဲ ခေါင်းရမ်းသည်။
" ခေတ်သွင်ရဲ့ ကျန်းမာရေးအတွက် ခေတ်သွင်မကြိုက်ရင်တောင် ဒေါ်လေး ဒီလိုပဲ စီစဥ်ရလိမ့်မယ် "
"ဒေါ်လေးခင် ! ! "
ဒေါ်ခင်မမက မျက်လုံးမှိတ်ချပြီး လက်ဖဝါးထောင်ပြကာ ဆိုင်းခေတ်သွင်ရဲ့ စကားကို ဆက်မပြောစေဘဲ
" မပြောနဲ့တော့..ဒါ မင်း အဘိုးရဲ့ ဆန္ဒဆိုလည်း ဟုတ်တယ် ခေတ်သွင် "
ဆိုင်းခေတ်သွင် ဘာမှ ထပ်မပြောလာတော့ပေမယ့် Wheelchair ကိုကိုင်ထားသည့် လက်များက လက်ဆစ်ရိုးများ ပေါ်လာသည်အထိ တင်းခနဲ ဖြစ်သွားသည်။
ပြီးနောက် Wheelchair ကို လှည့်ပြီး ဧည့်ခန်းကနေ အရင်ဆုံးထွက်သွားလေသည်။ ဧည့်ခန်းတွင် လက်ကလေးယှက်လို့ တိတ်ဆိတ်စွာ နားထောင်နေသည့် ဝသာန့်ကို ဒေါ်ခင်မမက ကြည့်လာပြီး
" ပထမဆုံး အလုပ်ဝင်တဲ့ရက်မှာတင် စိတ်ပျက်နေပြီလား ဝိုင်းဝသာန် "
"မပျက်ပါဘူး "
"ကောင်းတယ်..လိုအပ်ရင် ဒီထက်ပိုစိတ်ရှည်သည်းခံရဦးမယ်..ဘယ်လိုလဲ? ၆လ... လုပ်နိုင်ပါ့မလား "
မလုပ်နိုင်လို့ရမလား..ဝသာန့်မှာ နှစ်ဆ ပြန်လျော်စရာ ပိုက်ဆံဘယ်ရှိမလဲ။ ယခင်အလုပ်ဟောင်းဖြစ်တဲ့ ဆေးရုံကနေလည်း ထွက်လာခဲ့ပြီးပြီ။ အမေ့အတွက် ကျောက်ကပ်အစားထိုးဖို့ ပိုက်ဆံစုရန် ဒီအလုပ်ကိုရအောင် ကုပ်တွယ်ထားဖို့သာကျန်သည်။
