Part_35

4.2K 348 7
                                    

ဆိုင်းခေတ်သွင် ဖုန်းဖြေပြီးတာနဲ့ ကားသော့ကို ဆွဲကာ အိမ်ထဲက ထွက်သည်။ ကားက အိမ်ထဲကအထွက်မှာ ပါရမီအိမ်ရှေ့တည့်တည့်ရောက်လာသော နှင်းဝတ်ရည်ရဲ့ကားနဲ့ ဆုံသည်။

နှင်းဝတ်ရည်က ဆိုင်းခေတ်သွင်ရဲ့ကားမှန်းသိတာကြောင့် မှန်ချပြီး လှမ်းအော်ခေါ်လျှင် မမှီတော့ပေ။ ဆိုင်းခေတ်သွင်ရဲ့ ကားက အရေးတကြီးနဲ့ မောင်းထွက်သွားခဲ့သည်။

ဒေါ်ကြည်က အိမ်ထဲကပြေးထွက်လာသည်။ကားမှန်ချထားသော နှင်းဝတ်ရည်အနားသို့ရောက်လာပြီး တုန်တုန်ရင်ရင်ဖြင့်ပြောသည်က

" ခေတ်သွင်က ရုတ်တရက်ကြီး ဒေါသတွေထွက်ပြီး အိမ်ကထွက်သွားတာပဲ..တစ်ခုခုများဖြစ်တာလားမသိဘူး ဒေါက်တာနှင်းရယ် "

နှင်းဝတ်ရည် ကားစက်ပြန်နှိုးရင်း

" အဖိုးဆိုင်းရဲ့ လူတွေ ရှိတယ်မလား..ကျွန်မ ကားနောက်က လိုက်ခိုင်းလိုက်ပါ "

မှာပြီးတာနဲ့ချက်ချင်း နှင်းဝတ်ရည်က စီယာတိုင်ကို ဆွဲလှည့်ပြီး ဆိုင်းခေတ်သွင် ထွက်သွားသော လမ်းဘက်ကို အရှိန်ဖြင့်မောင်းလိုက်သည်။

ညနေခင်း ရုံးဆင်း၊အလုပ်ဆင်းချိန်ဖြစ်နေ၍ လမ်းတွေက ပိတ်လွန်းသည်။ ဆိုင်းခေတ်သွင် မီးပွိုင့်တွေကို ဖြတ်ကျော်မောင်းရင်း နာရီဝက်နေတော့မှ မြို့ပြင်အဝိုင်းကိုရောက်သည်။ စက်မှုဇုန်ဘက်သို့ ကွေ့ပြီး နောက်ထပ် ဆယ်မိနစ်ကြာအောင် အရှိန်ကုန်တင်မောင်းလိုက်သည်။

အဲရစ်ယံပြောသော လိပ်စာအတိုင်း ဝင်လာလိုက်လျှင် ကားတာယာတွေ ပုံထားသော ကားပစ္စည်းအရောင်းဆိုင် လမ်းကြားထဲကိုရောက်သည်။ ဆိုင်ပိတ်ချိန်ဖြစ်တာကြောင့် လမ်းထဲမှာ ခြောက်ကပ်လျက်သား။ အရောင်းအဝယ် မပြတ်သေးသော တစ်ဆိုင်နှစ်ဆိုင်ကလွဲ အားလုံး ပိတ်လို့ထားသည်။

တံခါးပေါက်သေးသေးလေး လှပ်ထားသော နှစ်ထပ်တိုက်တစ်လုံးရှေ့မှာ ကားကိုရပ်လိုက်သည်။ ဆိုင်းခေတ်သွင်ရဲ့ဖုန်းမှာတော့ နှင်းဝတ်ရည်ရဲ့ အဝင်ဖုန်းများဖြင့် အဆက်မပြတ်တုန်ခါနေလျက်။

ဆိုင်းခေတ်သွင် လိပ်စာအတိအကျကို Message မှာ ရိုက်လိုက်သည်။ သူကားရပ်လိုက်တာနဲ့ တပြိုင်တည်း တံခါးဝမှာ ရပ်စောင့်နေသော လူတစ်ယောက်က ကားနားကိုလျှောက်လာသည်။

SENG (Paraplegia)Where stories live. Discover now