" ဒါလေးက အန်တီကိုယ်တိုင်ထိုးထားတာလား "
အမေ့လည်ပင်းမှာ ခြုံထားတဲ့သိုးမွှေးတဘတ်ကို ညွှန်ပြရင်း ဆိုင်းခေတ်သွင်ကမေးသည်။ စားလို့သောက်လို့ပြီးတာတောင် ပြန်စရာရှိတာ မပြန်ဘဲ စကားမရှိ၊ စကားရှာပြီး ဖောင်ဖွဲ့နေတာ။
အမေက သူကိုယ်တိုင်ထိုးထားတဲ့ အကြောင်းပြောပြနေတုန်း ဝသာန် ဆိုင်းခေတ်သွင် အနားကပ်ပြီး အံကြိတ်၍ တိုးတိုးပြောလိုက်သည်။
" ခင်ဗျား ပြန်တော့လို့! "
ဆိုင်းခေတ်သွင်က လှည့်မကြည့်။ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ အမေ့စကားကိုသာ ခေါင်းတငြိမ့်ငြိမ့်လုပ်နေပြီး စားပွဲအောက်ကနေ ဝသာန့်လက်ကို လှမ်းဆုပ်ကိုင်ထားသည်။
ဝသာန် သူ့လက်ထဲက အမြန်ရုန်းလိုက်ပြီး အမေ့ စကားစပြတ်တာနဲ့ နောက်ထပ်စကားဝိုင်းဖန်တီးမရအောင် ကြားက ဖြတ်ပြောလိုက်သည်။
" ဆိုင်းခေတ်သွင်...မိုးချုပ်နေပြီ "
အမေက သူများကို နှင်ထုတ်နေတဲ့ဝသာန့်လေသံ အသွားအလာကြောင့် အားနာပြီး လှမ်းဟန့်သည်။
"သားငယ်ကလည်း! "
ဆိုင်းခေတ်သွင်က ထိုအခါမှ အကျီလက်ကိုပင့်ကာ နာရီကိုကြည့်လိုက်သည်။ အချိန်ကား ည၈နာရီပင်ကျော်နေပြီ။ ဝသာန်ကတော့ သူပြန်တော့မယ်လို့ ထင်လိုက်ပေမယ့် ဆိုင်းခေတ်သွင်က ရုတ်တရက်ကြီး အမေ့ကိုပြောလာသည်။
"အန်တီ..ကျနော် တစ်ခုလောက် အကူအညီတောင်းလို့ရမလား "
"ဟေ..ပြောလေ ဘာများလဲ "
" ကျနော်က မျက်လုံးမကောင်းတော့ ညဘက် တစ်ယောက်တည်း ကားမောင်းရတာ အဆင်မပြေဘူး..အဲ့တာကြောင့် "
ဝသာန် ဆိုင်းခေတ်သွင်ကို မျက်လုံးပြူးပြီး ခေါင်းမသိမသာရမ်းပြနေပေမယ့် ထိုသူက မမြင်ချင်ယောင်ဆောင်ပြီး
" တစ်ညလောက် တည်းခွင့်ပြုလို့ရမလားဟင် "
" ရတာပေါ့ "
" အမေ! "
ဝသာန့်အော်သံကြောင့် အမေရော အဖေပါ လန့်ပြီး လှည့်ကြည့်လာသည်။