ဆေးသောက်ချိန်ဖြစ်ရသော တိုက်ပွဲအပြင် ဆိုင်းခေတ်သွင် ရေချိုးတဲ့အချိန်တိုင်းမှာပါ နောက်ထပ် တိုက်ပွဲတစ်ခု ထပ်တိုးသည်။
ဝသာန်က ရေချိုးပေးချင်၊ ဆိုင်းခေတ်သွင်က အထိမခံ ။ ရေချိုးခါနီးဆို ဝသာန့်ကို အခန်းပြင်သို့ အကြောင်းပြချက်တစ်ခုနဲ့ မောင်းထုတ်ပြီး သူက ရေချိုးခန်းထဲ အမြန်ဝင်ကာ လော့ချသည်။ ဒီလိုနဲ့ ဝသာန်က အရှုံးပေးရစမြဲ။
တစ်ရက်ကျ ဝသာန်က လျှော်ထားတဲ့ ကိုယ့်အဝတ်တွေကို ကုတင်ပေါ်တွင် ထိုင်ခေါက်နေတုန်း ဆိုင်းခေတ်သွင်က အကျီလဲဖို့ လုပ်သည်။ သူ့ရဲ့အဝတ်ဘီရိုထဲမှာ အဝတ်အားလုံးက သူမှီနိုင်လောက်တဲ့နေရာမှာ အစီအရီရှိသည်။ ဝသာန် ယူပေးစရာမလို။
ရေချိုးပြီးတုန်းကမှ လဲထားတဲ့ အကျီကို ဘာလို့ထပ်လဲချင်ပြန်သည်မသိ။ ခေါင်းကနေ ဆွဲချွတ်နေတုန်းမှာ အကျီလက်ပေါ်က ကြယ်သီးနှင့် သူ့ရဲ့ ဆံပင်က ငြိ သွားသည်။
ဆက်ချွတ်လို့မရ၊ ပြန်ဝတ်လို့မရဘဲ လက်ကြီးမြှောက်လျက် အဝတ်ထဲ မျက်နှာတစ်ဝက်တစ်ပြတ်မြုပ်နေသည်။ ဝသာန်မှာ မနေနိုင်ဘဲ သူ့အနားကို ကူညီဖို့သွားလိုက်သည်။
" နေဦး..ဇွတ်ဆွဲမနေနဲ့..ငြိ နေတာ အရင်ဖြုတ်ပေးမယ် "
ဒီတစ်ခါတော့ မလိုဘူးလို့ အော်မလွှတ်တော့။ အကျီကြယ်သီးက အတွင်းဘက်မှာမို့ အထဲသို့လက်ထည့်ပြီး မြင်ရတဲ့ဘက်ဆီ ဆွဲ လှန်ရသည်။
ဆိုင်းခေတ်သွင်က ဆံပင်မညှပ်တာ ဘယ်နှလလောက်ရှိပြီမသိ။ ဆံပင်တွေက မညီမညာနဲ့ လည်ဂုတ်အထိ ရှည်လျားနေကာ နားရွက်တွေလည်းဖုံးနေသည်။
" နောက်ရက်ကျရင် ကျနော် ခင်ဗျားကို ဆံပင်ညှပ်ပေးမယ်..မလိုဘူးလို့ မပြောနဲ့ ..နောက်တစ်ခါ ဒီလို မငြိ ချင်ရင် ပြောစကားနားထောင်လိုက် "
အကျီနဲ့ ဖုံးနေသော ဆိုင်းခေတ်သွင် မျက်နှာအခြေအနေက ဘယ်လိုရှိလဲမသိ။ မကျေမချမ်းနှာမှုတ်သံ တစ်ခုကတော့ ထွက်လာသေးသည်။ ဝသာန် ငြိနေ တဲ့နေရာကို သေချာမမြင်ရ၍ ရှေ့ထက်တိုးပြီး ကြည့်တော့ ဆိုင်းခေတ်သွင်ရဲ့ ခေါင်းက ဝသာန့်ဗိုက်နားတွင် ထိကပ်လု မတတ်။