ဝသာန့်အမေရဲ့ ကျောက်ကပ် အစားထိုးခွဲစိတ်မှုက အောင်အောင်မြင်မြင်ပြီးဆုံးသွားသည်။အမေ သတိရလာတဲ့အချိန်မှပဲ ဝသာန် ဆေးရုံကနေ ပါရမီစံအိမ်ကို ပြန်ခဲ့သည်။
ဒေါ်ခင်မမက သူမရဲ့ကတိစကားအတိုင်း ဆေးရုံစရိတ်အားလုံးကို ရှင်းပေးပြီး အခုလည်း ဆေးရုံမှာ အမေ့ကိုပြုစုဖို့ Special nurse ပါ ငှားပေးထားသည်။
ပါရမီစံအိမ်သို့ပြန်ရောက်တဲ့အခါ ဝသာန် ဒေါ်ခင်မမရဲ့ စာဖတ်ခန်းသို့တက်သွားလိုက်သည်။
" မင်းရဲ့အမေ သက်သာတယ်မလား "
" ဟုတ်ကဲ့...ကျနော် တစ်ခုပြောချင်လို့ပါ "
ဒေါ်ခင်မမက စာကြည့်မျက်မှန်ကိုချွတ်ပြီး ဖတ်နေတဲ့စာရွက်တွေကို ဘေးသို့ချလိုက်သည်။
" ပြောလေ "
" ကုန်ကျစရိတ်ကို စာရင်းမှတ်ထားပေးပါ...ကျနော် အကုန်ပြန်ဆပ်မှာမို့လို့ "
ခဏလောက်ကြာအောင် နှုတ်ဆိတ်နေပြီးမှ ဒေါ်ခင်မမက မျက်မှန်ကိုပြန်တပ်လိုက်ကာ ပြောသည်။
"သဘောပဲလေ..ပြောစရာ ကျန်သေးလား "
" မကျန်တော့ပါဘူး "
" အဲ့တာဆို ခေတ်သွင်ကို တိုက်ရမယ့် ဆေးတွေ တစ်ခါတည်း ယူသွားလိုက်.. စားပွဲပေါ်မှာ ရှိတယ် "
နေ့တိုင်း ဒေါ်ခင်မမ ကိုယ်တိုင် ဓာတ်ဆားထဲဖျော်ပြီးမှ ပေးသော အမှုန့်ထုတ်များကို အခု စားပွဲပေါ်တွင် ငါးထုတ်မျှ ချထားလေသည်။
" နောက်ရက်ထဲမှာ တို့ ခရီးထွက်မှာ..ငါးရက်ကြာမယ်...ဒီရက်တွေမှာ တစ်ရက်မပြတ် သေချာတိုက်ပါ "
ဝသာန် ဆေးထုတ်တွေကိုယူရင်း စားပွဲပေါ်မှာ တင်ထားသည့် ကွန်ပျူတာပေါ်သို့ အကြည့်ရောက်သွားသည်။ သက်သေက ဒီထဲမှာများလား ။
"ဘာလုပ်နေတာလဲ... သွားလို့ရပြီ "
" ဟုတ်.. ဟုတ်ကဲ့ "
အောက်ထပ်က အခန်းထဲကိုပြန်လာတော့ ဆိုင်းခေတ်သွင်က မရှိ။ ဝသာန် ဆေးထုတ်တွေကို သေချာ သိမ်းလိုက်ပြီး မျက်နှာချင်းဆိုင်က စာဖတ်ခန်းထဲကို လိုက်လာခဲ့သည်။