ပါရမီကုမ္ပဏီသည် ၇ထပ်မျှ မြင့်သော အဆောက်အဦးတွင် တည်ရှိသည်။ ဆိုင်းခေတ်သွင်၏ ရုံးခန်းမှာ ၆ ထပ်မြောက်မှာရှိတာမို့လို့ ဝသာန် ဓာတ်လှေကားနဲ့ တက်ခဲ့သည်။
၆ လွှာသို့ ခြေချလျှင်ချချင်း ကော်ရိုက်တာတွင် ဟိုပြေးဒီပြေးနဲ့ အလုပ်များနေကြသော ဝန်ထမ်းများကိုအရင်တွေ့ရသည်။
ဝသာန် ဝင်လာတာကိုမြင်မြင်ချင်း သီးသန့်ရုံးခန်းကနေ ဆိုင်းခေတ်သွင်က ထွက်လာသည်။ သူဌေးဖြစ်သူကိုယ်တိုင် ထွက်ခေါ်တဲ့အထိဆိုတော့ အလုပ်ရှုပ်နေသော ဝန်ထမ်းများပင် ဝသာန့်အား မသိမသာ စူးစမ်းကုန်ကြသည်။
" ဒီအချိန်ထိ အလုပ်တွေ ရှုပ်နေတုန်းလား "
မကြာခင်ပင် ခြောက်နာရ်ီထိုးတော့မည်ကို ဝန်ထမ်းတွေခမျာ အလုပ်ဆင်းရဖို့ လမ်းမမြင်။
" ဒီအတောအတွင်း စာရင်းတွေ အကုန်ကြည့်မယ်ပြောထားလို့ သူတို့အလုပ်ရှုပ်နေတာ...ဝသာန် အမေ့အိမ်က တစ်ခါတည်း လာတာလား "
" ဟုတ်တယ်လေ..ဘာလို့လဲ "
ရုံးခန်းသည် အပြင်က ဝန်ထမ်းတွေမမြင်ရအောင် ပိုင်းခြားပေး ထားသဖြင့် လွတ်လွတ်လပ်လပ်။ ဆိုင်းခေတ်သွင်က သူ့ခေါင်းကို ဝသာန့်ပခုံးနားငုံ့ချပြီး နှာရှုံ့သည်။
" ရေမွှေးနံ့ရတယ် "
ဝသာန် မျက်မှောင်ကြုတ်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်အနံ့ခံကြည့်သည်။
" အာ...မေမွန်ခ ရေမွှေး.. ဒီကောင်မလေးတော့ ဒီလောက်အနံ့ပြင်းတာကြီး ဘာလို့စွတ်ရတာလဲ လူကိုပါ အနံ့စွဲကုန်ပြီ "
ဝသာန်က အကျ်ီကို အနံ့ခံရင်း တစ်ယောက်တည်းရေရွတ်နေလျှင် ဆိုင်းခေတ်သွင်၏ မည်းမှောင်စပြုနေသော မျက်နှာကို သတိမထားမိ။
" မေမွန်ခက ဘယ်သူလဲ "
" ဟင်? ...ဘာလဲ ဒီရုပ်ကြီးက "
ဆိုင်းခေတ်သွင်က မျက်နှာကိုလက်ဖြင့် တစ်ချက်သပ်ကာ အမူအယာပြောင်းပြီး ပြန်မေးသည်။
" ဘယ်သူလဲ "
" သူငယ်ချင်း..သူငယ်ချင်း.. မဟုတ်ကဟုတ်ကတွေ လျှောက်မတွေးနဲ့ "