ရန်ကုန်ကနေ ပြန်လာပြီး နောက်ရက်မနက်မှာ ဆိုင်းခေတ်သွင် ကုမ္ပဏီသွားဖို့ရာ ပြင်ဆင်နေသည်။ဝသာန် ထိုသူ့ရှေ့ကိုသွားပြီး ရှပ်အကျီကြယ်သီးများကို သူ့လက်ကဆွဲယူပြီးတပ်ပေးလျှင် ဆိုင်းခေတ်သွင်က ပြုံးပြီး
" ထူးထူးဆန်းဆန်းပါလား "
ဝသာန် ကြယ်သီးတပ်ပေးရင်းက သူ့မျက်နှာကို တစ်ချက်မျက်လုံးလှန်ကြည့်ကာ
" ဘာထူးဆန်းလို့လဲ "
ဆိုင်းခေတ်သွင်က ဝသာန့်ခါးတစ်ဝိုက်ကို ပွေ့ဖက်လာပြီး မြူးထူးနေသော လေသံဖြင့်ဆိုသည်။
" ဒီလိုကျ ကိုယ်တို့က လက်ထပ်ထားတဲ့ ဇနီးမောင်နှံတွေ ကျနေတာပဲ "
" ဟွန်း! "
ကြယ်သီးတပ်လို့ပြီးတော့ ဆိုင်းခေတ်သွင်က ဝသာန့်ရဲ့နားထင်ကို ငုံ့နမ်းပြီး ကုမ္ပဏီသို့ ယူမည့် အိတ်ကို လှမ်းယူသည်။
" ဝသာန်လည်း အဝတ်လဲတော့လေ "
"ဒီနေ့ မလိုက်တော့ဘူး "
ဆိုင်းခေတ်သွင်က သူရဲ့ စာရွက်စာတမ်းအိတ်ကို ချက်ချင်းပြန်ချပြီး ဝသာန့်ရဲ့နဖူးတွေပါးတွေကိုစမ်းကာ
"ဘာလို့လဲ? နေမကောင်းလို့လား "
"မဟုတ်ပါဘူး..မနေ့က ခရီးနည်းနည်းပန်းတယ်ထင်လို့..ဒီနေ့တော့ ဆိုင်းတစ်ယောက်တည်း သွားလိုက်တော့ "
" တကယ်ဖြစ်ရဲ့လား "
ထုံးစံအတိုင်း မေးရိုးသွယ်သွယ်ကို နမ်းပြီး ချော့လွှတ်မှ ဆိုင်းခေတ်သွင်က သူ့ကိုထားပြီး ကုမ္ပဏီသို့ထွက်သွားတော့သည်။
ဆိုင်းခေတ်သွင် ထွက်သွားပြီဆိုမှ ဝသာန်က အခန်းထဲမှာရှိသမျှ ဝသာန့်အသုံးအဆောင်တွေနဲ့ အဝတ်တွေကိုထုပ်ပိုးလိုက်သည်။ အပြင်မထွက်ခင် အခန်းထဲကို တစ်ချက်ပြန်ကြည့်မိလျှင် အမှတ်တရတွေက တစ်ခန်းလုံးအပြည့်။ မဟုတ်ဘူး တစ်အိမ်လုံးအပြည့်ရှိနေတာ။
အိတ်ကိုဆွဲပြီး လှေကားကနေ ဆင်းလာတော့ ထမင်းခန်းဝကနေ ခိုးကြည့်နေတဲ့ ဝါဝါ့ကိုတွေ့သည်။
" အစ်ကိုဝသာန်.. တကယ်ပဲ သွားတော့မှာလား "
" အင်း... ဝါဝါ.. ဒေါ်ကြည်ရော "