ဝသာန် စကားပြောလို့ပြီးတော့ အခန်းထဲ ပြန်လာသည့်အခါ ကြိုစောင့်နေသော ဆိုင်းခေတ်သွင်က ဝသာန့်မျက်နှာကို လှမ်းအကဲခတ်သည်။
" ဒါသောက်လိုက် "
လက်ထဲမှာ ကိုင်လာသော ဓာတ်ဆားရည်ဖန်ခွက်ကို ဆိုင်းခေတ်သွင်ထံ ပေးလျှင် ထိုလူက ဘာတစ်ခွန်း မှ မမေး။
ဝသာန့်မျက်နှာကိုသာ တရိပ်ရိပ်ကြည့်လျက် လှမ်းယူသည်။
စာဖတ်ခန်းထဲမှာ ဒေါ်ခင်မမပြောလိုက်သော စကားများက ဝသာန့်နားထဲ ပြန်ကြားယောင်လာသည်။
" တို့ဘက်က လူဖြစ်ပေး "
ဝသာန့်အမေရဲ့ ကျောက်ကပ်နဲ့ အလဲအထပ်တောင်းဆိုသည်က သူ့လူ ဖြစ်လာဖို့တဲ့။ ဒေါ်ခင်မမက ဝသာန့်ကို ဘာလုပ်စေချင်နေတာလဲ။
ဒေါ်ခင်မမက ဖန်ခွက်ထဲကို ရေထည့်ပြီး ဓာတ်ဆားတစ်ထုတ်ကိုဖျော်သည်။ ပြီးလျှင် ဝသာန့်ရှေ့မှာပဲ နောက်ထပ် အဖြူရောင် အမှုန့်ထုတ် တစ်ထုတ်ကို ဖောက်ကာ ဓာတ်ဆားရည်ထဲ ပျော်သွားအောင် မွှေလိုက်သည်။
နောက်ထပ်ထည့်လိုက်တဲ့ အဖြူရောင်အမှုန့်က တံဆိပ်မပါ ။ ဒေါ် ခင်မမက ထိုခွက်ကို ဝသာန့်လက်ထဲ ထည့်ပေးလိုက်ပြီး
" ခေတ်သွင်ကို သေချာတိုက်ပေးပါဦး "
ဆိုင်းခေတ်သွင်က ဝသာန်ပေးလိုက်သော ဖန်ခွက်ကို မော့သောက်ဖို့ ပါးစပ်နားရွှေ့လိုက်ပြီဖြစ်သည်။
" မသောက်နဲ့ "
သူ မော့သောက်ခါန်ီး မှာ ဝသာန် အမြန် အော်တားပြီး ပြန်ဆွဲယူလိုက်သည်။ ထိုခဏအတွင်း ဝသာန့် နှလုံးမှာ ရထားတစ်စီး ဖြတ်ပြီး ခုတ်မောင်းသွားသလို။ တာဝေးပြေးလာတဲ့ အားကစားသမားတစ်ယောက်ပမာ မောဟိုက်ပြီး အသက်ရှူမဝ။
ဆိုင်းခေတ်သွင်က ဝသာန့်အပြုအမူကို နားမလည်စွာ ကြည့်လာလျှင် ဝသာန် တုန်တုန်ရီရီနဲ့ ပြန် ရှင်းပြလိုက်သည်။
" ဒေါ်ခင်မမ....ဒီထဲကို ဆေးခပ်ထားတယ် "
ဆိုင်းခေတ်သွင်က ချက်ချင်းသတိစွဲကပ်သွားပြီး ဖန်ခွက်ကို ပေါက်ကွဲထွက်မတတ် စိုက်ကြည့်သည်။