ဆိုင်းခေတ်သွင်နှင့် နှင်းဝတ်ရည်တို့တစ်တွေ Ocean ထဲ ရောက်နေသည်။ ဦးဆိုင်းမဟာသွင်က သူတို့နှစ်ယောက်လုံးကို လှမ်းခေါ်ပြီး စေ့စပ်ပွဲအတွက် စတင်ပြင်ဆင်ကြဖို့ ပြောခဲ့သည်။
ဆိုင်းခေတ်သွင် ကလန်ကဆန် လုပ်လျှင် နှင်းဝတ်ရည်က မသိမသာ ဝင်ထိန်းပြီး အဖိုးလုပ်သူကို ကြည့်ကောင်းအောင်ပြောကာ ဆိုင်းခေတ်သွင်ကို ဆေးရုံထဲက ဆွဲထုတ်လာရသည်။
" အဖိုးကျေနပ်အောင် သူဘာပြောပြော နင်ခေါင်းငြိမ့်လိုက်စမ်းပါ "
ဆိုင်းခေတ်သွင်က ဘာမှပြန်မပြော။ မျက်နှာကြီးမှာ မှောင်မည်းပုတ်သိုးနေလျက်သား။ အအေးခွက်ထဲ ပိုက်ကို တဇွက်ဇွက် ဆောင့်ထိုးနေသည်။
" အဲ့ဒီရုပ်က ဘာဖြစ်နေတာလဲ? ငါ့ကို အားနာပါဦး "
နှင်းဝတ်ရည်မှာ မိန်းမသားဖြစ်ပြီး သူ့အသိုင်းအဝိုင်း ဂုဏ်သိက္ခာတောင် မငဲ့ဘဲ ကိုယ့်ကို တကယ်မယူမယ့် ယောက်ျားတစ်ယောက်နဲ့ သတင်းထွက်ခံထားရတာ။ နစ်နာရမယ့် မိန်းကလေးအစား ဆိုင်းခေတ်သွင်ကပဲ ပိုနစ်နာနေသလို ရုပ်နဲ့။
ထိုအခါမှ မျက်နှာက်ိုနည်းနည်းပြေလျော့ပြီး နှင်းဝတ်ရည်ကို မှုန်ကုတ်ကုတ်ကြည့်လာသည်။
" နင် အဆင်ပြေလား "
" မနေ့ညက ငါ လက်စွပ်ပုံတင်လိုက်တော့ တချို့က လာမေးကြတယ်..ဝေ့လည်ကြောင်ပတ်ဖြေရတာပေါ့ "
" နင့်အဖေနဲ့အမေကရော "
နှင်းဝတ်ရည်က အေးအေးဆေးဆေး ပခုံးတွန့်လိုက်ပြီး
" ကိစ္စမရှိဘူး..နင့်အဖိုးက စကား သွားပြောတော့ ငါ့အမေနဲ့အဖေက ငါ့ဆန္ဒအရပဲလို့ ဖြေလိုက်တယ်တဲ့..ခေါင်းငြိမ့်ငြိမ့် ခေါင်းခါခါ ငါ့သဘောပဲ "
ဆိုင်းခေတ်သွင်က ဖုန်းကို ခဏခဏဖွင့်ကြည့်နေပြီး သူတို့အအေးသောက်လို့ပြီးတဲ့အချိန်မှာ မတ်တပ်ထရပ်လိုက်သည်။ ထိုအခါ နှင်းဝတ်ရည်က မော့ကြည့်လာပြီး
"ရောက်ပြီတဲ့လား "
"အင်း..သွားမယ် "
သူတို့က မြေညီထပ်က အအေးဆိုင်ထဲမှာပဲ ထိုင်နေကြတာဖြစ်သည်။ ဆိုင်ထဲက ထွက်လာတဲ့အခါ ဆိုင်းခေတ်သွင်က ရှေ့ဆက်မလျှောက်ဘဲ ရုတ်တရက် ရပ်လိုက်သည်။