" မေမွန်ခ..ဒါက ငါ့အလုပ်ရှင် ဆိုင်းခေတ်သွင်...ဆိုင်း....သူက ကျနော့် ငယ်သူငယ်ချင်း မေမွန်ခ "
" တွေ့ရတာ ဝမ်းသာပါတယ် "
" ကိုယ်လည်း ဝသာန့်သူငယ်ချင်းနဲ့ ဆုံရတာ ဝမ်းသာပါတယ် "
အချင်းချင်း အိုးတို့အန်းတန်းနဲ့နှုတ်ဆက်အပြီးမှာ ဆိုင်းခေတ်သွင် Menu ဖတ်နေတုန်း မေမွန်ခက သူ့ဘေးမှာရှိတဲ့ ဝသာန့်ခါးကို တံတောင်နဲ့ တွတ်သည်။ ပါးစပ်ကို စိပြီး ခပ်တိုးတိုးပြောသည်က
"နင့်ကို ငါမုန့်လေးပဲ ဝယ်ကျွေးခိုင်းတာ..ဘာလို့ နင့်သူဌေးပါ ခေါ်လာရတာလဲ ဟဲ့ကောင်ရဲ့ "
အသံဝိုးတဝါးကြောင့် ဆိုင်းခေတ်သွင် ခေါင်းမော့ကြည့်လျှင် မေမွန်ခက ဟီးဟု ပြုံးပြသည်။
" မာလာရှမ်းကောပဲလား...နောက်ထပ် စားချင်တာ ကြည့်ဦးလေ ကိုယ့်ကို အားမနာနဲ့နော်... ဝသာန်ရော... "
" ကျနော်က တော်ပြီ "
အလုပ်ရှင် ပါလာတာကြောင့် မေမွန်ခမှာ လွတ်လွတ်လပ်လပ်မရှိဘဲ စကားလည်းများများမပြောရဲ။ ငြိမ်ငြိမ်လေး စားစရာရှိတာစားရှာသည်။
" မေမွန်ခက အခု ဘယ်ဆိုင်ခွဲမှာ လုပ်နေတာလဲ "
"အာ.. ဆိုင်ခွဲ နံပါတ် ၅ မှာပါ"
" အဆင်ပြေရဲ့လား "
"ဟုတ်..ပြေပါတယ်"
"တစ်ခုခု လိုအပ်ရင် ဝသာန်ကတဆင့် ကိုယ့်ကိုပြောလို့ရတယ်နော် "
" ဟုတ်... အစ်ကိုခေတ်သွင်လည်း ခြေထောက်က သွားရလာရ အဆင်ပြေရဲ့လား.. ဝသာန်ကတော့ ပြောတယ်... လေ့ကျင့်ခန်းတွေ လုပ်ဖို့လိုသေးတယ်တဲ့ "
ဆိုင်းခေတ်သွင်က ဝသာန့်ကို အဓိပ္ပါယ်ပါပါပြုံး၍ကြည့်ပြီးဖြေသည်။
" ဟုတ်တယ်..ကိုယ်တို့ ညတိုင်း လေ့ကျင့်ဖြစ်ပါတယ် "
"အဟွတ်! "
သီးသွားတဲ့ဝသာန့်ရှေ့ကို ဆိုင်းခေတ်သွင်က ရေတစ်ခွက် အဆင့်သင့်ချပြီးသား။ ဝသာန်မှာ ချောင်းဆိုးနေရင်းက မျက်စောင်းတစ်ချက်လှမ်းထိုးလိုက်ဖို့လည်း မမေ့။
