ဒီနေ့မှာတော့ ဝသာန်နှင့် ဆိုင်းတို့ နှစ်ယောက်သား ကုမ္ပဏီက စောစော အလုပ်ဆင်းလာပြီး ဒေါက်တာနှင်းဝတ်ရည်၏ ဆေးခန်းသို့သွားကြသည်။
ဆေးခန်းထဲဝင်ဝင်ချင်း မြန်မာဆန်ဆန်ထဘီနဲ့ရင်ဖုံး ပေါ်ကနေ ဂျူတီကုတ်အဖြူရောင်လေး တွဲဝတ်ထားတဲ့ နှင်းဝတ်ရည်က ဆီးကြိုလို့ပြောသည်မှာ
" ဆိုင်းခေတ်သွင် တို့များ...သူ့ကိစ္စပြေလည်တာနဲ့ ပေါ်ကို မလာတော့ဘူး "
" အခုရောက်နေပြီလေ "
နှင်းဝတ်ရည်က မျက်စောင်းထိုးပြီး လူနာကုတင်ကိုမေးငေါ့ပြသည်။
"ဟိုမှာ ထိုင်"
ဝသာန်က ကုတင်ဘေးမှာ ရပ်ပြီး နှင်းဝတ်ရည်ကို နှုတ်ဆက်လိုက်သည်။
"ဒီအတောအတွင်း လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်တယ်မလား "
လာပြန်ပြီ..ဒီလေ့ကျင့်ခန်း။ ဝသာန် အဲ့ဒီစာလုံးသုံးလုံးကြားရင်ကို ခေါင်းရောဖင်ရောကြိမ်းသည်။ ဆိုင်းခေတ်သွင် သူ့ကို မစအောင် ဝသာန်က ကြိုပြီး လက်သီး ထောင်ပြထားလိုက်သည်။
နှင်းဝတ်ရည်က သူ့မေးခွန်းကိုတစ်ယောက်မှ မဖြေလျှင် ခြေထောက်ကိုစမ်းသပ်နေရာမှ မော့အကြည့် ဆိုင်းခေတ်သွင်၏ ပြုံးတုံးတုံးမျက်နှာကိုမြင်သွားသည်။
" အဲ့ဒီရုပ်က ဘာဖြစ်နေတာလဲ..ငါ မေးတဲ့ထဲ အဲ့လိုရုပ်ဖြစ်စရာပါလား "
" လေ့ကျင့်ခန်းလုပ်ပါတယ်..ဘယ်လိုလဲ? ခြေထောက်အခြေအနေက "
နှင်းဝတ်ရည်က မတ်မတ်ရပ်လိုက်ပြီး သူမရဲ့စာရွက်ထဲကို ရေးခြစ်ရင်းဖြေသည်။
" ပြင်းပြင်းထန်ထန်လှုပ်ရှားတာမျိုးတော့ အတတ်နိုင်ဆုံး ရှောင်ဦး "
" ဥပမာ? "
" အရမ်း မပြေးနဲ့...အမြင့် ကနေ ခုန်မချနဲ့.. ထပ်ပြီး အရိုးကိုထိခိုက်စေမယ့် လိမ့်ကျတာမျိုးက အစ ဖြစ်လို့မရဘူး "
" ဒိုက်ထိုးလို့တော့ရတယ်မလား "
" ရတယ်.. နင် ဂျင်ဆော့တာလည်း ကြည့်ဆော့..ခြေထောက်ကို လိုတာထက်ပိုပြီးဖိအားမပေးနဲ့...ဝသာန် သိတယ်မလား "