ဝသာန့်ရဲ့အမေက သူ တလောက ထိုးထားတဲ့ သိုးမွှေးတဘတ်လေးပြီးသွားပြီဖြစ်၍ ဝသာန့်ကို အိမ်ဝင်ယူဖို့ ဖုန်းဆက်ထားသည်။ ဝသာန့်အတွက် သိုးမွှေးဦးထုပ်လေးတစ်လုံးပါပါသေးသည်။
"ကြိုက်ပါ့မလားဟင် "
အမေက သူပေးတဲ့ တဘတ်လေးကို မယူမှာစိတ်ပူနေသည်။
" ကြိုက်မှာပါ..ကျနော် သေချာပေးလိုက်မယ်...ဒါနဲ့ အဖေရော "
အိမ်ရှေ့မှာရော အိမ်ထဲမှာပါ မတွေ့သဖြင့် မေးလိုက်တဲ့အခါ
" သားအဖေ လမ်းထိပ်က ကျူရှင်မှာ စာသွားသင်တယ် "
ဝသာန် အံ့သြသွားသည်။ အဖေက ကျောင်းအုပ်ပင်စင်စားဖြစ်သည်။ တစ်ခေတ်တစ်ခါက အမှတ် ၁ အထက်တန်းကျောင်း ၏ သချ်ာ နှင့် နာမည်ကြီးသော ကျောင်းအုပ်ဆရာကြ်ိီးဖြစ်သည်။ ကျောင်းအုပ်ဖြစ်တော့ ကျူရှင် ဆက်မသင်တော့ဘဲ ရပ်လိုက်တာ အခုချိန်ထိ။
" ရုတ်တရက်ကြီး ဘာလို့လဲ "
ဝသာန့်အမေက ဖြေရမှာ တွန့်ဆုတ်နေပြီး မျက်လုံးချင်းရှောင်ကာ ဖြေသည်။
" ကျူရှင် နေရာငှားထားတဲ့ ဦးဇော်ကြီးက သူတို့ကျူရှင်မှာ သချာ်ဆရာလိုနေတယ်တဲ့..ပြီးတော့ ဦးဇော်ကြီးက မင်းတို့အဖေကို စာအသင်အပြကောင်းမှန်း သိတော့ ကြားကနေဝင်ဆက်ပေးလိုက်တာ "
"ဟာ..ဒါပေမယ့်လည်း အဖေ ဒီအရွယ်ရောက်မှ သွားလိုက်ပြန်လိုက်နဲ့ ပင်ပန်းပါတယ်..အိမ်မှာပဲ နားနားနေနေ နေရမှာကို ..မလုပ်နဲ့"
"မပင်ပန်းပါဘူးသားရယ်..လမ်းထိပ်တင်ပဲကို "
ဝသာန် လက်မခံဘူးဆိုတာသိ၍ အမေက နောက်ဆုံး အကြောင်းပြချက်အစစ်အမှန်ကို မပွင့်တပွင့်ပြောလာသည်။
"ပြီးတော့...သားငယ် တစ်ခါက ပေး ထားတဲ့ အိမ်သုံးစရိတ်ကလည်း သိပ်မကျန်တော့ဘူး..မင်းအဖေက သားဆီက ထပ်မတောင်းနဲ့ဆိုပြီး "
ဝသာန် ထိုအခါမှ သတိဝင်သွားသည်။ အရင်တခါ ဒေါ်ခင်မမလွှဲပေးတဲ့ သိန်း၃၀ကို အမေတို့လိုတာသုံးဖို့ ပေး ထားတာ ကုန်လောက်ရောပေါ့။ နောက်ပြီး အဲ့ဒီ၆လ နောက်ပိုင်းမှာလည်း ဝသာန်က ဆိုင်းခေတ်သွင်ဆီမှာ အလုပ်လုပ်တယ်ဟု ခေါ်မရ။