ဆိုင်းခေတ်သွင် အရက်မူးပြီး သောင်းကြန်းနေသည်ဟု ဖုန်းဆက်တာကြောင့် နှင်းဝတ်ရည် ပါရမီအိမ်ကို အမြန်ပြေးလာခဲ့သည်။
အိမ်ထဲသို့ဝင်ဝင်ချင်း ဖျက်ဆီးလို့ရသမျှကို မွှစာကျဲနေအောင် ရိုက်ချိုးဖျက်ဆီးထားတာကိုမြင်လိုက်ရသည်။ ဒေါ်ကြည်နှင့်ဝါဝါမှာ မီးဖိုချောင်က ပန်းကန်အကွဲများကို ရှင်းလင်းနေကြသည်။
တတိယထပ်က ဆိုင်းခေတ်သွင်၏ အခန်းရှေ့တွင် ဦးဆိုင်းမဟာသွင်က သူ့မြေးကိုထိန်းဖို့ လွှတ်လိုက်ပုံရသော ဘော်ဒီဂတ်နှစ်ယောက် ရပ်စောင့်နေကြသည်။
နှင်းဝတ်ရည်အခန်းတံခါးကို နှစ်ချက် ခေါက်ပြီး အသံပေးကာ တစ်ခါတည်းဖွင့်ဝင်လိုက်လျှင် အခန်းထဲမှာလည်း ထိုနည်း၄င်း။ တိုက်ဖွန်းမုန်တိုင်းဝင်မွှေသွားသလားအောက်မေ့ရအောင် ပျက်ဆီးယိုယွင်းလျက်သား။
အခန်းထဲမှာ ဆိုင်းခေတ်သွင်ကိုမတွေ့ရတာကြောင့် ရေချိုးခန်းထဲ ကြည့်လိုက်မှ ကြွေပြားပေါ်တွင် ခြေဆင်းထိုင်လျက် အရက်ကို ပုလင်းလိုက်မော့နေတာ မြင်လိုက်ရသည်။
နှင်းဝတ်ရည် သူ့ပုံစံကိုကြည့်ပြီး ဘာဖြစ်သလဲ အတတ်သိတာကြောင့် စိတ်မောစွာ သက်ပြင်းချလိုက်မိသည်။ သူ့ရဲ့ဘေးမှာ ဝင်ထိုင်ပြီး အရက်ပုလင်းကို ဆွဲယူတော့ ဆိုင်းခေတ်သွင်က ဝိညာဥ်မဲ့နေသည့်အလား ပြန်လိုက်မလု။
ပစ္စည်းတွေကို ရိုက်ခွဲရင်းနဲ့ ညာဘက်လက်ဖဝါးကလည်း ထိခိုက်ထားသည်ထင်၊ သွေးထွက်နေတာကို သုတ်ပေးမယ်လုပ်တော့ လက်ကို အထိမခံဘဲ ပြန်ဆွဲယူသွား၏။ နှင်းဝတ်ရည် အေးအေးဆေးဆေးမေးလိုက်သည်။
" အဆင်မပြေပြန်ဘူးလား "
ဆိုင်းခေတ်သွင်ရဲ့ အသံက အက်ကွဲစွာ ။
" သူ အဆုံးထိ...အဆုံးထိ ငါ့ကို မရွေးဘူး "
နှင်းဝတ်ရည်က ဘေးလူအနေနဲ့ ဝသာန့်စိတ်ထဲ ဘာဖြစ်နေသလဲ မြင်နေရပေမယ့် ကာယကံရှင်ကိုတော့ ဘယ်လိုလုပ်ဟု ဖိအားပေးနိုင်စွမ်းမရှိ။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး သူတို့အဆင်ပြေအောင် ကူညီပေးပြီးပြီ။
STAI LEGGENDO
SENG (Paraplegia)