" ဝသာန်! "
ဝသာန် မျက်လုံးတွေ ဖြေးဖြေးချင်းပွင့်လာသည်။ မျက်နှာကျက်အဖြူမှာ တရိပ်ရိပ်.. အမြင်အာရုံတွေ နှစ်ထပ်လောက် ဝါးနေပြီးနောက် တဖြေးဖြေးချင်း ကြည်လင်လာသည်။
" ဝသာန် နိုးပြီ!! "
အသက်ရှူလိုက်ရင် ကျောပြင်က ပြဲကွဲသွားတော့မလို နာလွန်းတာကြောင့် အသက်ရှူအောင့်ထားမိသည်အထိ။ ဆရာဝန်က ဝသာန့်ဘေးကိုရောက်လာသည်။ မျက်လုံးတွေကိုစစ်ဆေးပြီးနောက် သူ့အသံကိုကြားရလား၊ သူ့ကိုမြင်ရလား စသဖြင့် မေးသည်။
" ကျောက နာတယ် "
တစ်လုံးချင်းစီ အားယူပြီးပြောလိုက်လျှင် ဆရာဝန်ကခေါင်းငြိမ့်၏။
" ရိုက်ချက်ကပြင်းတော့ အဆုတ်ထိသွားတယ်... ရက်ပိုင်းတော့ နာနေဦးမှာ "
ဆရာဝန်ကသူလုပ်စရာရှိတာလုပ်ပြီး ပြန်ထွက်သွားတဲ့အခါ နိုးနိုးချင်းကြားရတဲ့ ဆိုင်းအသံက ဝသာန့်ဘေးကနေ ထွက်ပေါ်လာသည်။
" ဝသာန်.."
အသံလာကို ခေါင်းစောင်းပြီးလိုက်ရှာလိုက်မှ ဘေးမှာ Wheelchair ပေါ်၌ ထိုင်နေသည့် ဆိုင်းခေတ်သွင်ကို မြင်လိုက်ရလေသည်။
ဝသာန့်ရဲ့ ခေါင်းထဲ၌ ဆိုင်းခေတ်သွင်ရဲ့ ခြေတွေ လက်တွေကျိုးကြေမတတ် အရိုက်ခံရတာကို ပြန်မြင်ယောင်လာကာ အသက်ပင်မရှူနိုင်တော့။ ခြောက်ကပ်နေသော အာခေါင်ကိုဖွင့်ထုတ်၍
" ဆိုင်း...ခင်ဗျား ခြေထောက်တွေ!...ခြေထောက်တွေ ဘာဖြစ်သွားသေးလဲ! "
ဆိုင်းခေတ်သွင်က ဝသာန့်လက်တစ်ဖက်ကို လှမ်းထိပေမယ့် ဝသာန်ခံစားရတာက ပတ်တီးအစကိုသာ။
" ကိုယ် ဘာမှမဖြစ်ဘူး..ဝသာန်သာ နေကောင်းအောင်လုပ်.. ဘယ်နားက နာသေးလဲ ဆရာဝန်တွေကို သေချာပြောပြ ကြားလား "
လက်နှစ်ဖက်လုံး စုတ်ပြတ်နေအောင် အရိုက်ခံထားရ၍ ပတ်တီးဖွေးဖွေးများစည်းထားလျက်သား ဆိုင်းခေတ်သွင်သည် Wheelchair ပေါ်ထိုင်နေပုံအရ ခြေထောက်တွေလည်း သေချာပေါက်ထိခိုက်သွားမှာပင်။
"တောင်းပန်ပါတယ်..ကျနော့်ကြောင့်...ကျနော့်ကြောင့် ဆိုင်းထိခိုက်ရတာ "