"လူလေးဝိုင်း..ထမင်းစားတော့မလား "
ဝသာန် ကြမ်းပြင်က ကြွေပြားတွေကို စိုက်ကြည့်ရင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ ဟနေသော နှုတ်ခမ်းနှစ်ခုကနေ လေကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်ညှိုးလေးတစ်ချောင်းက သူထွက်ပြေးလာခဲ့ရသော အခန်းရှိရာဆီ တွန့်ဆုတ်စွာ လှမ်း ညွှန်ပြလိုက်သည်။
" သူ..သူက ဘာလို့ ... အဲ့လို နှင်ထုတ်တာလဲ? "
ဒေါ်ကြည်လုံးက မမြင်ပေမယ့် အကုန် နားလည်သဘောပေါက်သည့်အလား မျက်နှာမကောင်းစွာ ခေါင်းငြိမ့်ပြလာ၏။
"ကျနော် ဘာအမှားလုပ်မိလို့လဲ "
"လူလေးဝိုင်း..ဒီမှာထိုင်...ဝါဝါ အစ်ကိုလေးခေတ်သွင်ဆီကို မနက်စာ သွားပို့ချည်တော့ "
"ဟုတ်ကဲ့ဒေါ်ကြည် "
ဝါဝါက လင်ဗန်းတစ်ချပ်ပေါ်တွင် ဆိုင်းခေတ်သွင်အတွက် နံနက်စာကို တင်ပြီး အခန်းဘက်သို့ ထွက်သွားသည်။ ဒေါ်လေးကြည်က ထမင်းစားပွဲတွင် ဘာမှမစားဘဲ ကြောင်စီစီဖြစ်နေသော ဝသာန့်အား စတင်၍ ပြောလာသည်။
" လူလေးဝိုင်း..အစ်ကိုလေးခေတ်က သူ့ကို လူမမာ လိုကြည့်တာ မကြိုက်ဘူး.. နောက်ပြီး သူ့ကို စောင့်ရှောက်ဖို့ သူနာပြုလည်း မလိုဘူးဆိုပြီး မမကြီးကို ပြောထားတာ..ဒါပေမယ့် မမကြီးကကျတော့ အစ်ကိုလေးခေတ်ကျန်းမာရေး အတွက် သူနာပြုတစ်ယောက်ကတော့ အနားမှာ ရှိကိုရှိသင့်တယ်လို့ ဆုံးဖြတ်တယ်..ပြောရရင် သူနာပြုခေါ်ဖို့ကိစ္စကို အစ်ကိုလေးခေတ်က သဘောမတူထားဘူး "
" ဒါဆို ရှေ့က လူတွေကရော? "
"ရှေ့က လူတွေလည်း အဲ့လိုပဲ..မမကြီးက သူ့သဘောနဲ့သူ ခေါ်လာတယ်..အစ်ကိုလေးခေတ်က ဒီနှစ်ထဲကျမှ မမကြီးကို တော်တော်လေး အတိုက်အခံလုပ်လာတာ..မင်းရှေ့မှာ တစ်လတောင် မပြည့်ဘဲ အလုပ်ထွက်သွားတဲ့ သူနာပြု ငါးယောက် လောက်ရှိတယ် "
" ခုဏလိုမျိုး မောင်းထုတ်လို့လား "
ဒေါ်လေးကြည်က မသက်သာစွာ အောင့်သက်သက်ပြုံးပြီး သက်ပြင်းချသည်။