အခန်း ( ၄ )

3.1K 319 20
                                    

ရင်ထဲမှာ ကိန်းအောင်းနေပြီးသားဒဏ်ရာတွေက
အတွင်းနက်နက်လှိုက်စားမှုတွေပြင်းထန်လာတဲ့အခါ
ခိုလှုံလို့ရမယ့် ရင်ခွင်နွေးနွေးတစ်ခုကိုတမ်းတမိတာ
ကျွန်မ မမှားဘူးထင်ပါရဲ့....ငြိမ်း

☘︎☘︎☘︎☘︎☘︎

နားနေခန်းအရှေ့ကလမ်းကြားလေးထဲမှာ အရှေ့လျှောက်၊အနောက်လျှောက်နှင့် ဗြာများနေသောမုန်းမြတ်မာန်ကို မေနှင်းထောင့်ချိုးလေးကနေပင် ရပ်ကြည့်နေမိသည်။ဒီလိုအချိန်မျိုးမှာပဲ ထိုကလေးကအပေးအယူလုပ်၍ကောင်းသည်မလား ။
မဟုတ်လျင် သူမပြောသမျှကို အမြဲငြင်းဆန်နေကျ။ ယခုတော့အေးငြိမ်းမျက်နှာနှင့် သူမဖြစ်စေချင်သည့်ပုံစံအချို့ကို ပြောင်းလဲယူကြည့်ရမည်။

"မပြန်သေးဘူးလား....ကိုဟိန်းဇော်ကိုလာခေါ်ဖို့ပြောပြီးပြီလား "

သူ့အနားလျှောက်လာသည့်မမေကို အလိုမကျဖြစ်နေတာသိသာစေရန်အတွက် နှုတ်ခမ်းပါးလေးကို မသိမသာစူထားလိုက်ပြီး မျက်စောင်းထိုး၍

"မခေါ်ပါဘူး....မမေကိုစောင့်နေတာလေ။ငြိမ်းအကြောင်းမေးချင်လို့ "

"ဟယ်....ဘယ်လိုလုပ်ရပါ့...မမကမာန်လေးနဲ့စကားပြောဖို့အချိန်မရှိဘူးကွယ် "

မာန်သိပါသည်။ဒါဟာ မမေသူ့ကိုသက်သက်စျေးကိုင်နေသည်ဆိုတာ။

"ok...ငြိမ်းနဲ့ပတ်သက်တာကို မမေကကူညီပေးမယ်ဆိုရင် မမေဖြစ်စေချင်တဲ့တစ်ခုကို မာန်လက်ခံပေးမယ် "

ဒီကောင်မလေးဟာလေ သိပ်ကိုတတ်သည်။ သူမဖြစ်စေချင်သည်များဟာ သူလေးကောင်းဖို့ရာအတွက်ပဲဆိုတာ သိလျက်နှင့် စကားနားထောင်သည်ဆိုသည့်ဂုဏ်ပုဒ်ကို အရယူချင်သည်။မေနှင်းသဘောတကျနှင့် ပြုံးမိလိုက်၏။

"ကဲ...လာလာမမပြန်လိုက်ပို့မယ် "

"ပြောတော့စကားပြောဖို့အချိန်မရှိဘူးတဲ့ "

စူပုတ်ပုတ်အလိုမကျသလိုပြောသည့်အခါ မေနှင်းမှာအချစ်ပိုရပြန်သည်။သူမထက်အနည်းငယ်အရပ်ရှည်သော သူ့လက်မောင်းလေးကိုလက်ချိတ်တွဲလိုက်ကာ ခွဲစိတ်ဆောင်နှင့် ဖျားနာဆောင်ဆက်ထားသည့် လျှောက်လမ်းလေးမှထွက်လာခဲ့သည်။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now