အခန်း ( ၁၁ )

2.4K 279 30
                                    

အေးချမ်းတိတ်ဆိတ်နေသောအညာဆောင်းဟာ ငြိမ်းအတွက်တော့မအေးချမ်းနိုင်ပေ။ကုတင်ထက်ကစောင်အောက်မှာ ဟိုဘက်လှည့်၊ဒီဘက်လှည့်နှင့် အိပ်လို့ပင်မရ။ထို့ကြောင့် လှဲအိပ်နေရာမှထထိုင်၍ စာကြည့်စားပွဲပေါ်ထင်ထားသည့်ဖုန်းကိုယူကာ နာရီကြည့်လိုက်တော့ မနက်နှစ်နာရီလေးဆယ့်ခုနစ်မိနစ်။

သက်ပြင်းကိုဖွဖွချ၍ ဖုန်းကိုစားပွဲပေါ်ပြန်တင်လိုက်တော့ အခန်းမီးရောင်မှိန်မှိန်အောက်၌ တွေ့လိုက်ရသည်က အဝတ်စင်မှာချိတ်နှင့်ချိတ်ကာလှမ်းထားသည့် မနက်ကမုန်းမြတ်မာန်ကျန်နေခဲ့သော Hoodie လေး။
အတွေးထဲမှာတော့ ထိုအင်္ကျီလေးပိုင်ရှင်ဟာ မဖိတ်ခေါ်ပါဘဲ ပိုပိုတိုးဝင်လာသောကြောင့် ​ငြိမ်းထိုင်ရာမှထ၍ ထိုအင်္ကျီလေးအနီးသို့လျှောက်သွားမိ၏။
အင်္ကျီလက်အနားစလေးကို အသာအယာထိကိုင်မိတော့ လတ်ဆတ်နေဆဲဖြစ်သော သူ့လက်ဖဝါးတို့၏အထိအတွေ့က စိတ်အာရုံထဲမှာပြန်လည်ပေါ်လာသည်။တစ်ဆက်တည်းမှာပင် လက်ဖမိုးကိုထိတွေ့သွားသော သူ့နှုတ်ခမ်းပါး၏အထိအတွေ့။ပြန်တွေးမိလိုက်တိုင်းပင် ယခုချက်ချင်းပင်ခံစားလိုက်ရသလို ငြိမ်းနှလုံးသားလေးဟာ ပရမ်းပတာ လှုပ်ရှားချင်လာသည်။
ထိုအဖြေ ငြိမ်းနှလုံးသားကဦးနှောက်ဆီကိုပေးပို့နေသောထိုအဖြေဟာ ငြိမ်းလက်မခံချင်ဆုံးသောအဖြေပင်။

စိတ်ရှုပ်လွန်းစွာ လေပူတစ်ချက်ကိုနှုတ်ခမ်းပါးမှထုတ်လွှတ်လိုက်ပြီး အခန်းပြတင်းတံခါးကိုဖွင့်လိုက်၏။ဘယ်အချိန်ကတည်းက တိုးဝင်ရန်ချောင်းနေမှန်းမသိသည့် ဆောင်းမြောက်ပြန်လေက ပြတင်းတံခါးမှ အလုံးအရင်းဝင်ရောက်လာသောအခါ ငြိမ်း၏ခန္ဓာကိုယ်လေး တစ်ချက်တုန်သွားရ၏။
အပြင်ဘက်ကိုကြည့်မိတော့ ညမှောင်မှောင် တစ်ခြမ်းပဲ့လအလင်းရောင်အောက်မှာ အိမ်အနောက်ရှိ မြက်ခြုံတောကြီးက အနည်းငယ်ယိမ်းထိုးနေသည်။

အထီးကျန်လှပါသည်....
ဘဝတစ်လျှောက်လုံးမှာ ယခုလိုအိပ်မပျော်သည့်ညမျိုးတွေ တွေ့ကြုံဖြတ်သန်းဖူးခဲ့ပေမယ့် ယခုညကဲ့သို့ နှလုံးသားမှာလစ်ဟာလွန်းသောခံစားချက်ကို တစ်ခါမှမခံစားခဲ့ရဖူး။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now