အခန်း (၂၈)

2K 264 25
                                    

ကိုယ့်စိတ်ကိုယ် သေချာဆုံးဖြတ်ပြီးသည့်အခါ အငယ်နှင့်ညှိနှိုင်းပြီးသည့်ညနေပိုင်းမှာပင် ငြိမ်း မန္တလေးအိမ်သို့ပြန်လာခဲ့လိုက်သည်။

"ဟယ်....သမီးငယ် အကြောင်းမကြားဘာမကြားနဲ့ ပိတ်ရက်ရလို့လား "

အန်တီလေး၏အခန်းတံခါးကို ဖွင့်ကာဝင်လိုက်ချင်း အံ့အားသင့်စွာဆီးကြိုနေသည့် အန်တီလေးကို မြင်ရပြန်တော့လည်း စကားလုံးတို့က ထွက်လာဖို့ရာတွန့်ဆုတ်နေခဲ့မိသည်။

သို့ပေမယ့် မပြတ်မသားလုပ်လျင် ဆုံးရှုံးရမည့်အရာက ငြိမ်း၏နှလုံးသားဖြစ်နေသောကြောင့် ကုတင်ပေါ်ထိုင်နေသည့် အန်တီလေး၏ရှေ့တည့်တည့်၌ အပြစ်လုပ်ထားသူတစ်ယောက်ပမာ ခေါင်းကိုငုံ့၍ ဒူးထောက်ထိုင်ချလိုက်သည်။

"ဘာဖြစ်လို့လဲသမီး တစ်ခုခုစိတ်ညစ်စရာရှိလာလို့လား "

လက်ဖဝါးနှစ်ဘက်နှင့် ငြိမ်း၏ပါးနှစ်ဘက်ကိုညင်သာစွာအုပ်ကိုင်၍ မော့ကြည့်စေသည့်အခါ မျက်ရည်ကအလိုလိုဝဲလာရသည်။

"ငြိမ်း ကျေးဇူးကန်းဖို့ရာလည်းမရည်ရွယ်ခဲ့ဖူးသလို၊အန်တီလေးရဲ့မေတ္တာတရားတွေကိုလည်း တစ်ခါမှ စော်ကားလိုစိတ်မရှိခဲ့ဖူးပါဘူး။ဒါပေမယ့် အခုပြောမယ့်စကားတွေ‌ကြောင့် အန်တီလေးရဲ့စိတ်ထဲမှာ အဲ့လိုမျိုးခံစားသွားစေရရင် ငြိမ်းအနူးအညွတ်တောင်းပန်ပါတယ်နော် "

"မထိတ်သာမလန့်သာရှိလိုက်တာသမီးရယ်။ဘာတွေဖြစ်လာလို့လဲ "

"ငြိမ်းကိုလွတ်လပ်ခွင့်ပေးပါ။အန်တီလေးရဲ့ဆန္ဒအတိုင်း အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်အဖြစ် ငြိမ်းဆက်ပြီးမနေနိုင်တော့ဘူး "

အားနာစိတ်တို့ကြောင့် ငြိမ်း အန်တီလေးနှင့်မျက်နှာချင်းမဆိုင်ဝံ့ပါ။

"အကြောင်းပြချက်ကို ပြောပြပေးမလားသမီး "

အန်တီလေး၏စကားသံတို့က တည်ငြိမ်လှသလောက် ငြိမ်းရင်ထဲမှာတော့ လှိုင်းထန်နေခဲ့သည်။အမှန်တရားကို မည်သို့မည်ပုံပြောပြရမည်မှန်းမသိ။အငယ့်ကြောင့်ဆိုတာကိုသာသိလျင် အန်တီလေးက ခွင့်ပြုပေးမည်မ‌ဟုတ်ဘူးဆိုတာ ငြိမ်း သေချာသိနေသည်။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now