အခန်း ( ၁၇ )

2.5K 265 36
                                    

"မမကြီး "

"ဟင် "

အိမ်ပေါက်ဝ၌ထိုင်နေမိသည်မှာ မည်မျှပင်ကြာလင့်နေပြီဆိုတာ မသိလိုက်။ဘေးနားကခေါ်သံကြားမှ ပတ်ဝန်းကျင်ကိုကြည့်မိတော့ မာန့်ရှေ့တည့်တည့်မှာ ကူးကမတ်တပ်ရပ်နေ၏။

"ရောက်နေတာကြာပြီလားကူးလေး "

"ကြာပြီမမကြီးရဲ့။မမကြီးတစ်ခုခုတွေးနေတယ်ထင်လို့ ကူးကဒီအတိုင်းရပ်ကြည့်နေတာ "

အနည်းငယ်မက စိတ်ပင်ပန်းထားသောကြောင့် မာန် ဘယ်သူနဲ့မှစကားမပြောချင်ပါ။သို့ပေမယ့် ရှေ့တည့်တည့်မှ မာန့်ကို နှစ်လိုဖွယ်ပြုံးကြည့်နေသောထိုကောင်မလေးကြောင့် ပြန်လည်ပြုံးပြမိပြီး ထိုင်ရာမှထလိုက်သည်။

"ကဲ....အိမ်ထဲသွားရအောင် ရေခဲသေတ္တာ‌ထဲမှာ စားစရာတစ်ခုခုရှိဖို့မျှော်လင့်ရတာပဲ "

"ဟုတ်ကဲ့ "

အိမ်ထဲပြန်မဝင်ခင် အိမ်အတွင်းကို မာန်သေချာကြည့်လိုက်မိသည်။အရာရာဟာ ပုံမှန်အတိုင်းတိတ်ဆိတ်နေ၏။ထိုအခါမှ မာန် စိတ်အေးသွားရသည်။မာန်ပြိုလဲနာကျင်ရသည့်ပုံရိပ်တွေကို ကလေးတစ်ယောက်အား မပြသချင်ပါ။

ကူး‌လေးက အလိုက်တသိပင် ဧည့်ခန်းရှိခုံတစ်လုံးမှာဝင်ထိုင်သည်။မာန်လည်း သူ့ကိုပြုံးပြ၍ မီးခိုခန်းထဲဝင်လာခဲ့သည်။ရေခဲသေတ္တာကိုဖွင့်ကြည့်မိတော့ မနေ့ကကိုဟိန်းဇော်ဝယ်ထည့်ပေးသွားပုံရသည့် ရေခဲမုန့်ဘူးတွေဟာ အကန့်တစ်ခုထဲမှာအပြည့်ရှိနေ၏။

"ကူးလေး ရေခဲမုန့်ကဘာအရသာစားမလဲ "

"ဒူးရင်းစားမယ် မမကြီး "

မာန်နှင့်အကြိုက်တူသားဟုပင်တွေးမိကာ ဒူးရင်းရေခဲမုန့်နှစ်ဘူးကိုယူပြီး ကလေးမလေးရှိရာပြန်လာခဲ့သည်။

"ရော့ ကူးလေး ဖြည်းဖြည်းချင်းစား....လျှာပေါ်မှာပျော်ကျသွားတဲ့အရသာက ဘာနဲ့မှမတူဘူး "

"ဟုတ်ကဲ့ "

နှစ်ဦးသားတိတ်ဆိတ်စွာပင် ရေခဲမုန့်စားနေကြသည်ဟုထင်လိုက်ပေမယ့် နားထဲမှာ မပီမသကြားလိုက်ရသည့်စကားကြောင့် မာန် ထိုကောင်မလေးကိုကြည့်မိတော့ သူ့အာရုံတို့က ရေခဲမုန့်ဆီမှာမဟုတ်ဘဲ မာန့်ကိုသာငေးကြည့်နေ၏။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now