အခန်း (၃၀)

2.7K 261 23
                                    

အိပ်မက်ဆိုးတို့ကြောင့် ဆတ်ခနဲလန့်နိုးမိပေမယ့် ရင်ခွင်ထဲမှာရှိနေသည့်အမျိုးသမီးလေး၏ အေးချမ်းစွာအိပ်မောကျနေသော မျက်နှာလေးကိုမြင်လိုက်ရသည့်အခါ မာန့်ရင်တွေလည်း အေးချမ်းသွားသလိုပင်။

မကျယ်မကျဉ်းနှဖူးပြင်လေးထက်မှာ ကျဆင်းနေသည့် ဆံနွယ်စတွေကို လက်ချောင်းတို့ဖြင့် ဖွဖွဖယ်ပေးရင်း ငြိမ်း၏မျက်နှာလေးကို မာန် တမေ့တမောငေးကြည့်မိသည်။

ရက်ဆက်တိုက် စိတ်ပင်ပန်းခဲ့ရသောကြောင့်ထင်၏။ယခုတော့ သူ့ရင်ခွင်ထဲမှာ အပူပင်ကင်းမဲ့စွာ အိပ်ပျော်နေလေသည်။

ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကိုပြန်တွေး၍ မာန် သက်ပြင်းချလိုက်မိသည်။ထို့နောက်ငြိမ်း၏နှဖူးလေးကို ခပ်ဖွဖွတစ်ချက်နမ်း၍ မာန့်ရင်ညွှန့်နားဆီ ရိုက်ခတ်နေသော ငြိမ်း၏ဝင်သက်ထွက်သက်လေးဆီသို့ အာရုံတို့စုပြုံပို့လိုက်ပြီး ပြန်လည်အိပ်ပျော်ဖို့ရာကြိုးစားရသည်။

"Morning ငြိမ်း "

မျက်နှာသစ်ပြီး ငြိမ်းရှိနေသည့် ထမင်းစားခန်းထဲသို့ဝင်၍ အပြုံးတို့နှင့်နှုတ်ဆက်လိုက်သည့်အခါ စားပွဲထက် စားသောက်ဖွယ်ရာတို့ပြင်ဆင်နေရင်းကြားမှပင် သူ့ကိုပြန်လည်ပြုံးပြလာသည်။

"Morning.....မျက်နှာသစ်ပြီးသွားရင် မနက်စာစားရအောင်....ကြီးကြီးက အငယ့်အကြိုက်တွေလာပို့သွားတယ်"

ထိုင်ခုံတစ်လုံးတွင် မာန် ဝင်ထိုင်လိုက်ပြီး မနက်စာအမယ်များကိုကြည့်မိတော့ စားစရာတို့စုံလင်လှ၏။ကြီးညွှန့်က ဆိုင်တကာပတ်ဝယ်လာသည်ထင်သည်။

"ဒါနဲ့ ထမင်းဆီဆမ်းပန်းကန်က မာန့်ရှေ့မှာ ဘာလို့နှစ်ချပ်ဖြစ်နေတာလဲ "

ရှေ့မှာရှိနေသည့် ပဲပြုတ်နှင့်ထမင်းဆီဆမ်းပန်းကန်နှစ်ခုကိုမြင်ပြီး မာန် မေးလိုက်မိသည်။ထိုအခါ ငြိမ်းက ပန်းကန်တစ်ချပ်ကိုကောက်ယူလိုက်ပြီး

"တို့လည်း အဲ့ဒါကို မနက်စာအဖြစ်ပြင်ထားမိတာလေ....ကြီးကြီးလာပို့တဲ့ထဲလည်းပါနေတာဆိုတော့ နှစ်ပန်းကန်ဖြစ်သွားတာ"

"ငြိမ်းပြင်ပေးထားတာကဘယ်ဟာလဲ....အဲ့ဒါလား "

သူ့အမေးကို ငြိမ်းကခေါင်းညိတ်ပြသည်။မာန် ချက်ချင်းပင် ရှေ့မှာကျန်နေသည့်ထမင်းပန်းကန်ကို ဘေးသို့ပို့လိုက်ပြီး ငြိမ်းလက်ထဲမှာကိုင်ထားသည့်ပန်းကန်ကိုယူ၍ သူ့ရှေ့ပြန်ချလိုက်သည်။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now