အခန်း ( ၂ )

3.8K 412 20
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

"ငြိမ်း....."

နှုတ်ဖျားဝကထွက်သွားသည့်နာမတစ်ခုဟာ အကြားအာရုံသိပ်ကိုကောင်းလွန်းလှသောသူမထံတော်ပါးအခစားဝင်သွားလေပြီ ။
မဝံ့မရဲမော့ကြည့်မိသည့် လိပ်ပြာမလုံသည့်မျက်ဝန်းတစ်စုံဟာ အံ့အားသင့်နေပုံရသော သူမမျက်နှာထက်မှ မလွှဲဖယ်နိုင်သလို ငါးနှစ်ကြာငြိမ်သက်ခဲ့ရသော ရင်ခုန်သံတွေဟာလည်း ပြန်လည်အသက်ဝင်လာလေပြီ။
သုံးဆယ်ကျော်ဆိုသည့် အသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်ရှိနေပြီဖြစ်သည့်ငြိမ်းဟာ အရင်ကထက်ပို၍ ရင့်ကျက်လာသယောင်ထင်ရသည်။
ခရမ်းနုရောင် ပါတိတ်ဝမ်းဆက်ကလေးဟာ ပါးလျလျငြိမ်းခန္ဓာကိုယ်လေးနှင့် သိပ်ကိုပနံတင့်နေ၏။
သို့ပေမယ့် ရုတ်ချည်းပင်ပြောင်းလဲသွားသော ငြိမ်းအကြည့်တို့ကြောင့် သူထိတ်လန့်သွားမိသည်။
တစ်ခါမှမမြင်ဖူးသည့် သူစိမ်းတစ်ယောက်ကိုကြည့်သောအကြည့်၊လမ်းမှာမတော်တဆတွေ့မိသူကို မျက်လုံးဝေ့ကာကြည့်လိုက်သည့်အကြည့်မျိုး။ငြိမ်းစေလိုသမျှပါပဲ သူတစ်ခွန်းတပါဒမှမဟမိပါ။ငြိမ်းကခပ်ဆိတ်ဆိတ်နေလိုလျှင် သူအလိုက်တသိတိတ်ဆိတ်နေပေးလိုက်မည်။
အစောကဆရာဝန်ထိုင်သွားသည့် သူ့ရှေ့ကခုံလေးမှာ ငြိမ်းကမတုန်မလှုပ်ဝင်ထိုင်သည်။ မဝံ့မရဲခိုးကြည့်မိတော့ မရယ်မပြုံးနှုတ်ခမ်းပါးတစ်စုံအောက်မှာ သူ့နှလုံးသားက ရင်ဆိုင်နိုင်ဖို့ရာမစွမ်းသာ။
ထို့ကြောင့် လေးညင်းရောင်ကတ္တီပါဖိနပ်ပါးကလေးကိုစီးထားသည့် ငြိမ်းခြေဖမိုးဖြူနုနုတို့ကိုသာ ငေးကြည့်နေမိသည်။
ခြေချောင်းကလေးတွေဟာ အရင်အတိုင်း ဆေးရောင်ခစားထားခြင်းမရှိသလို နဂိုသွေးအားကောင်းသည့်အတိုင်းပင် ခြေသည်းလေးတွေဟာ ပန်းနုရောင်သမ်းနေသည်။
ဒူးခေါင်းမှဒဏ်ရာကိုထိတွေ့နေသည့် ငြိမ်းလက်ချောင်းတို့၏ လှုပ်ရှားမှုဟာ အပေါ်ယံအရေပြားကိုမဟုတ်ဘဲ သူ့နှလုံးသားကိုတို့ထိနေသလိုပင် ရင်ခုန်လှိုက်မောခြင်းတွေကိုခံစားနေရသည်။နာကျင်မှုဆိုတာ ဘယ်ဆီနေမှန်းပင်မသိတော့။
အနည်းငယ်သတ္တိမွေး၍ မြင်လွှာတို့ကိုအပေါ်ပို့မိသည့်အခါ ပတ်တီးဖြူကို သေချာစည်းနှောင်ပေးနေသည့် ငြိမ်းလက်ချောင်းသွယ်သွယ်တို့ဆီ ရောက်သွားသည်။
ထိုလက်ချောင်းနုနုတို့ဟာ သူ့လက်ဖဝါးကြားမှာ အချိန်တစ်ခုအထိ တိုးဝင်ခဲ့ဖူးသည်ကိုတွေးမိသည့်အခါ နှုတ်ခမ်းပါးမှအလိုလိုပြုံးမိ၏။
သို့သော် ငြိမ်း၏ဘယ်ဘက်လက်သူကြွယ်မှာ ဝတ်ဆင်ထားသည့် မောင်းကွင်းလေးကိုမြင်လိုက်ရသည့်အခါ ရင်ဘတ်ထဲမှ ဒိန်းခနဲမြည်သံကိုသူကြားလိုက်ရ၏။
အလန့်တကြား ငြိမ်းမျက်နှာကိုသူကြည့်မိသည်။တခြားဆီမပြန့်လွင့်သည့် ငြိမ်း၏အာရုံအလုံးစုံဟာ ပတ်တီးစည်းခြင်းမှာပဲရှိနေသည်။
သူ့ကိုလည်း တစ်ချက်မှမော့မကြည့်သလို သူကြည့်နေသည်ကိုလည်း အရေးမစိုက်စွာ။သူ့မှာသာ တည်တင်းတင်း ငြိမ်းမျက်နှာလေးကိုတစ်လှည့် ငြိမ်းလက်မှလက်စွပ်ကိုတစ်လှည့်ကြည့်၍ မေးခွန်းထုတ်ဖို့ရာ အားမွေးနေရသည်။
ပတ်တီးစည်းခြင်း ပြီးသွားသည့်အခါတွင်တော့ ငြိမ်းကသူ့တစ်ကိုယ်လုံးကိုခြုံကြည့်ပြီး ထိုင်ရာမှထသည်။မျက်လုံးချင်းတစ်ချက်ဆုံသွားပေမယ့် ငြိမ်းမျက်လုံးထဲမှပုံရိပ်တို့ကိုဖမ်းယူချိန်မရလိုက်။ရှောင်လွှဲလိုသည်ထင်ပါ၏။ဆေးခြင်းကိုကောက်ကိုင်၍ သူ့ကိုစတင်ကျောခိုင်းသည်။
ဘာကိုမှမတွေးမိတော့ပါဘဲ ကုတင်ပေါ်ကဆင်း၍ ငြိမ်းလက်ကိုဖမ်းဆွဲလိုက်မိသည်။သို့သော် လေဟာနယ်သာဖမ်းဆုပ်မိပြီးကြမ်းပြင်ထက်မှာခွေလဲကျ၏။
အနည်းငယ်ဝရုန်းသုန်းကားနိုင်သွားသောအခြေအနေမှာ သူ့ကိုလာထူတွဲသည်က သူနာပြုဆရာမကလေးပင်။ OPD ထဲမှလူများက စူးစမ်းသလိုရပ်၍ကြည့်နေ၏။
ထိုအထဲမှာ သူနှင့်ခြေနှစ်လှမ်းမျှအကွာမှာရပ်နေသော ငြိမ်းဟာလည်းအပါအဝင်ပင်။အကြည့်တွေဟာ သူ့အပေါ် ဘာခံစားချက်မှ မရှိတော့သည့်အတိုင်း မျက်နှာလွှဲကာကျောခိုင်းထွက်ခွာသွား၏။
ငိုချင်လာသည့်စိတ်ကိုထိန်း၍ ဆရာမလေးတွဲထူသည့်အတိုင်း ကုတင်ပေါ်မှာသူမပြန်ထိုင်လိုက်ရသည်။စိတ်တို့ဟာတော့ထိန်းကွပ်မရတော့သလို ငြိမ်းလက်သူကြွယ်မှလက်စွပ်ဆီကိုသာ တွယ်ငြိပါသွား၏။
မျှော်လင့်ချက်များစွာနှင့်​ သူအရောက်ပြန်လာခဲ့ရသည်က ချစ်ဦးသူငြိမ်းရှိနေသေး၍။
သူ့ကိုချစ်ခြင်းတွေနဲ့စောင့်ကြိုနေမည့် ငြိမ်းရှိနေသေး၍။
သူ့လုပ်ရပ်တွေကို စိတ်ကျေနပ်လောက်သည်အထိချော့ရမည့် ငြိမ်းရှိနေသေး၍
ဒီမြို့ကို မရောက်ရောက်အောင်သူပြန်လာခဲ့ခြင်း။
ငြိမ်းမှာပိုင်ရှင်ရှိနှင့်နေခဲ့မည်ဆိုတာ တစ်ခါမှသူ့အတွေးထဲမှာမရှိခဲ့။
သူကျောခိုင်းစွန့်ပစ်ခဲ့သည့် ငါးနှစ်တာအတွင်းမှာ လက်တွဲဖော်တစ်ယောက်ကို ငြိမ်းကရရှိသွားခဲ့လေပြီလား။တွေးကြည့်ရုံနှင့်ပင် သူ့ရင်တွေပူလောင်လာရသည်။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now