အခန်း ( ၆ )

2.5K 273 8
                                    

စံကျောင်းအလယ်ဗဟိုတွင် မပုပ်မသိုးကြွင်းကျန်ရစ်နေသော မှန်ခေါင်းဖြင့် ထည့်သွင်းအပူဇော်ခံထားသည့် ဆရာတော်ကြီး၏ရုပ်ကလာဘ်အား အနီးကပ် သေချာကြည့်ရှုဖူးမြော်နေသည့်ငြိမ်းကို မာန်အကြည့်မလွှဲငေးနေမိသည်။

"ဆံတော်တွေကို တစ်လတစ်ခါရိတ်ပေးရတယ်ဆိုတာ ဟုတ်သလားမုန်းမာန် "

"ဟင်....သြော်...ဟုတ်တယ်.... "

သူ့ကိုကြည့်၍မေးလာသောငြိမ်းကြောင့် မာန် အမြန်ပင်မျက်နှာလွှဲ၍ ဖြေလိုက်ရသည်။

"ငြိမ်းသေချာကြည့်ကြည့်လေ ဦးခေါင်းတော်နဲ့ ခြေသည်းလက်သည်းတွေကိုရောပဲ "

"အင်း တွေ့တယ်.....ဆရာတော်ကြီးက သက်ရှိထင်ရှားရှိတုန်းက သိပ်ကိုကြည်ညိုစရာကောင်းမှာနော် "

"ရဟန္တာပဲလေငြိမ်းရဲ့ ကြည်ညိုစရာသိပ်ကောင်းမှာပေါ့.... ပြီးတော့ ဒီမြို့မှာအဆိုတစ်ခုရှိသေးတယ်"

မာန်စကားစလိုက်တော့ ငြိမ်းက သိချင်စိတ်ပြင်းပြနေဟန် ဝင်းလဲ့လဲ့အကြည့်များဖြင့် မာန့်မျက်နှာကိုစိုက်ကြည့်လာသည်။
မြန်ဆန်ချင်လာသည့်ရင်ခုန်သံတို့ကို မာန်ဥပေက္ခာပြု၍ ဆရာတော်ကြီး၏စံနန်းဆောင်ထဲမှထွက်သည်။ ငြိမ်းက နောက်မှကပ်လျှောက်လာ၏။

"အလောင်းနှစ်လောင်း၊ချောင်းနှစ်ချောင်းနဲ့ဝန်းရံထားလို့ ဒီမြို့လေးကို ဘာကပ်ဆိုးမှမဝင်ရောက်နိုင်ဘူးတဲ့ "

"အဲ့ဒါဘာကိုပြောတာလဲ "

"ဆရာတော်ကြီးရဲ့ဘဝဖြစ်စဥ်ကို ဖတ်ဦးမလားငြိမ်း "

ပြောနေသည့်အကြောင်းအရာနှင့် လျှောက်နေသည့်ခြေလှမ်းကိုရပ်၍ မာန်မေးလိုက်တော့ ငြိမ်းကခေါင်းညိတ်ပြသည်။
ထို့ကြောင့် မာန်လည်း စံကျောင်းနံရံကိုလက်ညှိုးထိုးပြလိုက်သည်။အဘယ့်ကြောင့်ဆိုသော် ဆရာတော်ကြီး၏ဘဝဖြစ်စဥ်ကို စံကျောင်းအတွင်းဘက်အထက်နံရံမှာ ပန်းချီများဖြင့်မှတ်ထားတင်ထား၏။

"သြော် "

ထိုမျှသာအာမေဋိတ်သံကလေးနှင့် ခေါင်းကိုမော့၍ ဆရာတော်ကြီး၏ဘဝဖြစ်စဥ်အကြောင်းကို ငြိမ်းကစိတ်ဝင်တစားဖတ်ရှုနေလေသည်။
မာန့်မှာတော့ ငြိမ်းကိုလည်းငေးရသလို ဘေးဘီကိုလည်းကြည့်ရသေး၏။ မဟုတ်လျင် ကြမ်းပြင်ကိုကြည့်၍ လျှောက်လာနေသော ဘုရားဖူးအချို့က အပေါ်ကိုမော့၍ စာဖတ်နေသည့်ငြိမ်းကို ဝင်တိုက်မိနိုင်၏။
နာရီဝက်မျှအကြာတွင် စံကျောင်းထဲကိုပတ်လျှောက်တာ တစ်ပတ်ပြည့်သွားသလို ငြိမ်းလည်း ဖြစ်စဥ်အလုံးစုံကိုဖတ်ရှုပြီးသွားလေပြီ။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now