အခန်း (၂၄)

2.6K 347 33
                                    

အိမ်ခေါင်မိုးသွပ်ပြားထက်ကျရောက်နေသည့် မိုးစက်မိုးပေါက်သံတွေက မိုးကိုနှစ်သက်သူတွေအတွက် စာသားမဲ့တေးဂီတတစ်ခုကို နားထောင်နေရသလိုဖြစ်ပေလိမ့်မည်။

ပုံမှန်အချိန်ဆိုလျင် ငြိမ်းလည်း ထိုသို့ခံစားမိမှာပါ။သို့ပေမယ့် ယခုတော့ အတွေးပေါင်းများစွာနှင့် အိပ်ရာထက်မှာမျက်လုံးတို့ပြူးကျယ်ကာ မျက်နှာကျက်ကိုအကြောင်သားငေးကြည့်ရင်း ညတာရှည်ကို ကျော်ဖြတ်နေရသည်။

စိတ်ကိုလျှော့ချလိုက်ပြီး မျက်လုံးတို့ကိုမှိတ်ချလိုက်ကာ မိုးသံတို့ဆီအာရုံပြောင်းမိတော့ ယခုညကဲ့သို့ ထပ်တူညီခဲ့သောမိုးညတစ်ညက ငြိမ်းအာရုံထဲမှာ တစ်ကျော့ပြန်ဝင်ရောက်လာခဲ့သည်။

ထိုနေ့ညက တစ်ညလုံး မိုးတွေသည်းသည်းမဲမဲရွာနေခဲ့၏။အဲ့ဒီမိုးသံတွေကြားထဲမှာပဲ မီးမြိုက်ခံနေရသလို ပူလောင်နေတဲ့နှလုံးသားကြောင့် ငြိမ်း အိမ်ထဲမှာဟိုဒီလျှောက်ရင်းမိုးလင်းခဲ့ရသည်။တိတိကျကျပြောရလျင် ချစ်ရသည့်အငယ့်ကို ဆက်သွယ်မရခဲ့တဲ့ထိုည။

ရက်ဆက်တိုက် စိတ်ပင်ပန်းခဲ့ရသည့်အပြင် တစ်ညလုံးအိပ်မရစွာ စိုးရိမ်ပူပန်ခြင်းတွေထွေးပိုက်ထားခဲ့ရသောကြောင့် မနက်လင်းတော့ လူကပြိုလဲချင်နေပြီ။သို့ပေမယ့် ခြံတံခါးဖွင့်သံကို ကြားလိုက်ရသည့်အတွက် စိတ်လှုပ်ရှားစွာထိုင်ရာမှထမိတော့ မိုက်ခနဲမူးဝေသွားရ၏။

ဆက်တီခုံကိုထိန်းကိုင်လိုက်ကာ မျက်လုံးတို့ကိုခေတ္တမျှမှိတ်ပြီး အသက်ကိုပုံမှန်ပြန်ရှူမိတော့ အိမ်ရှေ့ရှိမိုးရေအိုင်တို့ကို ဖြတ်လျှောက်လာသည့်ခြေသံတစ်စုံက ငြိမ်းနားထဲကို ပြတ်သားစွာဝင်ရောက်လာသည်။

"အငယ်....."

ခန္ဓာကိုယ်က အနည်းငယ်ပုံမှန်ပြန်ဖြစ်သွားသည့်အခါ မျက်လုံးတို့ကိုပြန်ဖွင့်၍ ထိုနာမလေးကိုခေါ်ကာ အိမ်ထဲမှထွက်လာခဲ့မိသည်။
ထင်သည့်အတိုင်းပင် သူက အိမ်တံခါးပေါက်ဝ၌ရောက်နေလေပြီ။

"တစ်ညလုံး ဘယ်တွေသွားနေတာလဲအငယ်ရယ်။တို့ဖုန်းဆက်တာကိုလည်း လုံးဝမကိုင်ဘူး ဒီမှာရင်တွေပူပြီးရူးတော့မလိုပဲ "

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now