အခန်း ( ၁၄ )

2.2K 248 9
                                    

မျက်နှာချင်းဆိုင်ရှိ cosmetics ဆိုင်ထဲမှ အလျှိုအလျှိုထွက်လာကြသည့် ဈေးဝယ်သူများကို ပလတ်စတစ်ခုံလေးပေါ်မှာထိုင်၍ ကျောတောင့်သည်အထိ ထိုင်ကြည့်နေရသည်မှာ အတော်ကြာနေပြီဖြစ်သောကြောင့် မာန့်စိတ်တို့ မကြည်မလင်ဖြစ်ချင်လာရ၏။

ထို့ကြောင့် ကျောဘက်ကိုခေါင်းလှည့်၍ကြည့်မိတော့ စာအုပ်စင်တွေကြားထဲ၌ စာအုပ်ရွေးရင်းအလုပ်များနေသည့်အမျိုးသမီးက စာအုပ်ဆိုင်အပေါက်ဝခုံမှာ ထိုင်စောင့်နေသည့်ဒီလူသားကို မေ့နေပုံရသည်။
စာအုပ်ဆိုင်ဝန်ထမ်းကောင်မလေးတွေကလည်း သူ့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေသောကြောင့် ထိုင်ရာမှထကာ ငြိမ်းစာအုပ်ရွေးနေသည့်‌စင်နားသို့ လျှောက်လာခဲ့လိုက်သည်။

"စိတ်တိုင်းကျတဲ့စာအုပ် မတွေ့သေးဘူးလားငြိမ်း "

ဘေး၌သူလာရပ်သည်ကိုပင်မမြင်။လက်ထဲမှစာအုပ်ကိုသာ သဲကြီးမဲကြီးဖတ်နေသည့်ငြိမ်းက သူ့အသံကြားတော့ အနည်းငယ်လန့်သွားပုံပေါ်၏။

"တို့အတွက်ကပြီးပါပြီ။အစ်မမြယွန်းမိုရ်တို့မှာလိုက်တဲ့စာအုပ်လေးတွေကို ရှာပေးနေတာ"

"သူတို့လိုချင်တာ သူတို့ဘာသာလာဝယ်လိမ့်မယ်ပေါ့ငြိမ်းရာ။ငြိမ်းရဲ့ရှားရှားပါးပါးပိတ်ရက်ကလေးမှာ သူတို့ကိစ္စတွေကိုလုပ်ပေးပြီး အချိန်ကုန်ရတော့မှာလား"

သူ့အသံ အနည်းငယ်ကျယ်သွားသည်ထင်၏။ငြိမ်းမျက်နှာပျက်သွားသည်။ပြီးနောက် ဘေးနားမှာရှိနေသည့် ဝန်ထမ်းကောင်မလေးကို အားနာသလိုတစ်ချက်ပြုံးပြပြီး မာန့်ကို မျက်ခုံးတန်းတို့တွန့်ကွေး၍ တင်းမာခက်ထန်သောမျက်လုံးတို့နှင့် စူးစိုက်ကြည့်လာ၏။

ထိုအကြည့်တို့သည်မကြာလိုက်။ချက်ချင်းပင် မာန့်မျက်နှာဆီမှ လွှဲဖယ်ကာ စာအုပ်စင်မှစာအုပ်များရှိရာသို့ပင် ပြန်ရောက်ရှိသွား၏။

ရင်ထဲမှာ တင်းကျပ်သွားသောခံစားချက်တို့ကြောင့် ထိုဆိုင်ထဲမှထွက်လာခဲ့မိသည်။ယောက်ယက်ခတ်သွားသောစိတ်ခံစားချက်တို့ကြောင့် စိတ်ငြိမ်ဖို့ရာဦးစားပေးလုပ်ရမည်။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now