一个钢镚儿(A lucky coin)
အပိုင်း၁၅
ယခုအချိန်၌ လမ်းမပေါ်တွင် လူအလွန်နည်းနေသည်။ထမင်းစားနေသည့် သူများက ထမင်းစား ၊ ထမင်းစားပြီးသွားကြသည့် လူများက အိမ်မှာ TV ကြည့်နေကြပြီး ၊ လမ်းထွက်လျှောက်သည့် လူများကလည်း မထွက်လာကြသေးပေ။
ယမ့်ဟန်သည် တံခါးမှ ထွက်ထွက်လာချင်း လမ်းနှစ်ဖက်ကို အကြိမ်ကြိမ် ကြည့်လိုက်သည်။လမ်းမကြီး ရှိသည့်ဘက်မှာ လမ်းမီးများ အလွန် လင်းထင်းနေပြီး ကြည့်ရသည်မှာ အရာအားလုံးက တိတ်ဆိတ်နေသည်။ချူးယိအိမ် သွားသည့်ဘက်သို့ ထပ်ကြည့်လိုက်ရာ လမ်းမီးများက အကုန်လုံး လင်းမနေပေ။မှောင်နေသည့် နေရာများ၌ ဘယ်လို အခြေအနေရှိနေသည်ကို သေသေချာချာ မမြင်ရပေ။
"သူ့အိမ်ဘက်ကို သွားကြတာပေါ့"
အဖေက ပြောသည်။
"မင်း ဖုန်းနောက်တစ်ခေါက် ခေါ်လိုက်"
"အင်း"
ယမ့်ဟန်က ဖုန်းကို ထုတ်လိုက်ပြီး ချူးယိ၏ နံပါတ်အား ခေါ်လိုက်သည်။
ဤတစ်ကြိမ်မှာတော့ ဖုန်းမကိုင်တာ မဟုတ်ပေ။ဖုန်းခေါ်လို့ မရတော့တာပင်။
"ဘာမကောင်းတာတွေ ဖြစ်နေပါလိမ့်?"
ယမ့်ဟန်က မျက်မှောင်ကြုတ်လိုက်မိသည်။
"သွားကြစို့"
အဖေက ပြောသည်။
"အရှေ့နားကို သွားကြည့်ကြည့်ရအောင် ၊ ဒီနားက ထောင့်တွေ ပေါတယ် ၊ လူကို ဘယ်နေရာမှာ တားထားမယ် ဆိုတာ မသေချာဘူး"
ယမ့်ဟန်သည် အဖေနှင့်အတူ ချူးယိအိမ်ရှိသည့်ဘက်သို့ လျှောက်လာခဲ့သည်။
ဒီလို လူကို တားထားနိုင်သည့် နေရာကို ရှာဖွေရာတွင် သူ(ယမ့်ဟန်) အဖေ့ကိုသာ လိုအပ်ပြီး အခြေခံအားဖြင့်ကတော့ ရေဒါကိရိယာရှိနေသလိုပင်။အရင်ကလည်း အဖေက သူ့အစား အကြိမ်တိုင်း ရန်ပွဲထဲ ဝင်ပါဖူးသည်။
သို့ဖြစ်၍ အဖေ သူ့အရွယ်လောက်တုန်းက ဆိုးသွမ်းခဲ့မှာပဲ ဟု သူအမြဲတမ်း တွေးမိဖူးသည်။
"သနားစရာကောင်လေးက လူတွေနဲ့ ဒီလိုမျိုး ထွက်ပျော်ဖူးပုံ မရဘူး ၊ သေချာပေါက် ပျော်နေမှာပဲ"