一个钢镚儿(A lucky coin)
အပိုင်း၂၄
"ငါ နင့်ကို ရက်နည်းနည်းလောက် ခွင့်တိုင်ပေးထားတယ် ၊ နောက်ဆုံးစာမေးပွဲ ဖြေမဲ့အချိန်ကျမှ ကျောင်းသွားလိုက်"
အမေက ဆိုဖာပေါ်ထိုင်၍ နဖူးပေါ်တွင် အဖွားပေးထားသည့် ပလတ်စတာကို ကပ်ထားသည်။ဒီရက်အနည်းငယ်အတွင်းတွင် အမြဲတမ်း မဲ့နေတတ်သည့် အမေ့မျက်နှာက ပို၍ပင် ဆိုးလာခဲ့သည်။တစ်ခါတစ်လေဆိုလျှင် မျက်နှာအရေးအကြောင်းများက မေးစေ့အောက်ပင် ရောက်လာနေပြီကို မြင်နေရသည်။
ချူးယိ ဘာမှ ပြန်မပြောမိပေ။အခု ဘယ်လိုဖြစ်နေသင့်သလဲကို သူကိုယ်တိုင်ပင် မသိချေ။
သူ အစကတည်းက ကျောင်းမတက်ချင်ခဲ့ပေ။ဒါပေမယ့် ဒီလိုမျိုး ခွင့်တိုင်ပြီး ကျောင်းမသွားတာမျိုးကိုလည်း သူ နည်းနည်းတော့ သဘောမကျမိချေ။သို့သော် ကျောင်းသွားမည် ဆိုပါကလည်း ၊ ကျောင်းရောက်လျှင် ထိုအကြည့်များကို ရင်ဆိုင်ရမည်ဖြစ်ပြီး လှောင်ပြောင်ခံနေရဉီးမည်ပင်။သူ ပိုပြီး စိတ်ဖိစီးရမည် ဖြစ်ပြီး ၊ ပြော၍မရပေ ၊ 'မကောင်းသည့်လူကို ဖယ်ရှားပေးမည်' ဆိုပြီး လုပ်ချင်တဲ့သူ ရှိချင်ရှိနေမှာပင်.........
"နင့်အဖိုးတို့ဆီမှာ ရက်နည်းနည်းလောက် သွားနေလိုက်"
အမေက ပြောလာသည်။
"နင့်အဖေ ဘယ်နေရာ သွားနိုင်လဲဆိုတာ သူတို့ သိလား ၊ မသိလား မေးကြည့်ကြည့်လိုက်"
ချူးယိ ခေါင်းညိတ်ပြလိုက်သည်။
ပုံမှန်အချိန်ဆို သူ့အား နင့်အဖိုးနဲ့ အဖွားရဲ့ အိမ်ကိုသွားဟု ပြောလာခဲ့ပါက သူအရမ်းပျော်မိမှာပင်။သို့သော် အခုဒီလိုအခြေအနေမျိုး၌ ၊ အဖိုးနဲ့အဖွားတို့၏ စိတ်သောက ရောက်နေကြမည့် ပုံစံကို သူ တကယ် မမြင်ချင်ပေ။
"သူတို့ ပျိုးထောင်လာတဲ့ သားကောင်းရတနာက"
အဖွားက ဘေးနားတွင်နေ၍ ဖရုံစေ့ဝါးရသည်ကို စွဲလမ်းနေသကဲ့သို့ တစ်မနက်လုံး ဝါးနေရင်း
"ဒီလေါက် ကိစ္စကြီး ဖြစ်သွားခဲ့တာတောင် တစ်ခါမှ မလာကြဘူး ၊ တကယ် လေးစားစရာပဲ"