一个钢镚儿(A lucky coin)
အပိုင်း၃၉
ခွေးအ ၊ မော်တော်ကားပြုပြင်ရေး အတန်းကလောင်တာ့ ခွေးအ ချူးယိ ၊ ကွင်းပြင်မှာ အားလျားလှဲ၍ ဒိုက်ထိုး အခါ ခုနှစ်ဆယ် လုပ်နိုင်ခဲ့ပြီး ၊ တစ်ယောက်တည်းနှင့် လူ ခြောက်ယောက်ကို အပြိုင်ချနိုင်ခဲ့သည့် မော်တော်ကားပြုပြင်ရေး၏ လောင်တာ့ ခွေးအ ချူးယိဟုပင် မပြောရပေ။
[T/N : 老大-လောင်တာ့(ဆရာကြီး)]
ယမ့်ဟန် ကိုယ့်လက်ကိုယ် ပြန်ကြည့်လိုက်မိပြီး ၊ နောက်တစ်မိနစ်လောက်ဆိုလျှင် ၊ သူ၏ လက်မှာ ချူးယိ၏ ဆုပ်ကိုင်ထားမှုကြောင့် ကျိုးသွားတော့မလိုပင် ခံစားလိုက်ရသည်။
ချူးယိမှာ ဒီလေါက်အားကောင်းတဲ့ လက်ရှိမှန်း သူ အရင်က သတိမထားမိခဲ့ပေ။
"ကုန်ကော"
ယမ့်ဟန် ချူးယိကို ကြည့်လိုက်ပြီး
"ကိစ္စတစ်ခုကို ညှိနှိုင်းရအောင်"
"ပြောလေ"
ချူးယိက ယမ့်ဟန်၏ လက်ကို တင်းတင်းကြပ်ကြပ် မလွှတ်တမ်း ဆုပ်ကိုင်ထားဆဲပင်။
ချူးယိက လူကို တော်တော်လေး သဘောကျစေနိုင်စွမ်း ရှိသည်ဟု ယမ့်ဟန် ထင်လိုက်မိသည်။သူ ဒီလိုမျိုး စကားနည်းနည်းပြော၍ တုံ့ပြန်လိုက်သည်ကပင် ၊ စိုးရိမ်နေသည့် အချိန်ဖြစ်ဖြစ် ၊ ၀မ်းနည်းနေသည့် အချိန်ဖြစ်ဖြစ် ၊ အမြဲတမ်းလိုလို၌ ပထမဆုံးအချိန်တွင် နတ်ဘုရားကဲ့သို့သော အလျင်ဖြင့် တုံ့ပြန်မှုများ ပေါ်ထွက်လာတတ်သည်။
"အားနည်းနည်းလောက် လျှော့ပြီး ကိုင်လို့ ရမလား?"
ယမ့်ဟန် ပြောလိုက်သည်။
"လက်အရိုးကဖြင့် ပါးပါးလေးကို ၊ နည်းနည်းလောက် အားထပ်ထည့်လိုက်ရင် သေချာပေါက် ကျိုးသွားတော့မှာ ၊ တကယ်ပြောနေတာ"
" ......အာ !"
ချူးယိမှာ ရုတ်တရက် အသိဝင်လာသလိုမျိုး သူ့လက်ကို လွှတ်ပေးလာသည်။
"မနက်ဖြန်ကျရင် သေချာပေါက် လက်ရာထင်နေတော့မှာပဲ"
ယမ့်ဟန် လက်ကို လှုပ်ယမ်းလိုက်သည်။