一个钢镚儿(A lucky coin)
အပိုင်း၁၀၅
ဉီးလေးယမ့်က အပြင်တွင် လည်ပတ်ပြီး၍ ပြန်လာသည့် အချိန်၌ ၊ ပစ္စည်းတွေ အများကြီး ယူလာခဲ့သည်။အသစ်ဝယ်လာခဲ့သည့် ဆိုဒ်အကြီးခရီးဆောင်သေတ္တာကြီးထဲ ထိုးထည့်ထားသည်မှာ အပြည့်ပင်။
ချူးယိနှင့် ယမ့်ဟန်မှာ ခရီးဆောင်သေတ္တာ၏ အရှေ့တွင် အတူတူထိုင်၍ ကြည့်နေမိကြသည်။
"အကုန်လုံးက လက်ဆောင်တွေလား?"
ယမ့်ဟန်က မေးလိုက်သည်။
"အကုန်လုံးတော့ မဟုတ်ဘူး ၊ တစ်ချို့ဟာတွေက ၀ယ်သာဝယ်လာတာ ၊ ဘာလုပ်ရမယ်မှန်း မသိဘူး"
ဉီးလေးယမ့်က ပြောလာသည်။
"အဖေ့ အမွေတွေက အရမ်းများနေလို့ အမြန်သုံးရမယ်ဆိုပြီး တွေးနေတာ မဟုတ်လား?"
ယမ့်ဟန်က အဖေ့ကို ကြည့်လိုက်ပြီး
"ကျွန်တော့်ရဲ့ ထိုးနှက်ချက်ကို လက်တုံ့ပြန်ဖို့ ၊ ကျွန်တော့်အတွက် အမွေ နည်းနည်းလေးတောင် မချန်ပေးတော့ဘူးလို့ စီစဉ်ထားတာ မဟုတ်လောက်ပါဘူးနော်?"
"အဖေတို့တွေ ဒီလောက် နှစ်တွေအကြာကြီး အပြင်မှာ သွားလာခဲ့ကြပေမယ့် ၊ တစ်ခါမှ ပြန်လာတယ်ဆိုတာမျိုး မရှိခဲ့ကြဘူးလေ"
ဉီးလေးယမ့်က ပြောလာသည်။
"အခုလို ပြန်လာတဲ့အချိန် ပစ္စည်းတွေ ယူလာရတဲ့ ခံစားချက်ကို အဖေက တစ်ခေါက်လောက် ခံစားကြည့်တာပါ"
"ခံစားမိသွားပြီလား?"
ယမ့်ဟန်က မေးလိုက်သည်။
"ခံစားချက်က ဘယ်လိုလဲ?"
"သေလောက်အောင် ပင်ပန်းတယ်"
ဉီးလေးယမ့်က ထိုခရီးဆောင်သေတ္တာကို ညွှန်ပြလိုက်ပြီး
"ရှိသမျှ ခရီးဆောင်သေတ္တာတင်တဲ့ စင်တွေနဲ့ ထည့်လို့ မဆန့်ဘူးလေ ၊ လျှောက်လမ်းပေါ်မှာ ထားထားရင်လည်း လမ်းက သေလောက်အောင် ပိတ်သွားပြန်ရော ၊ နောက်ဆုံးကျတော့ ကားအောက်ဆင်းတဲ့ တံခါးနားမှာ ချထားပေးဖို့ ယာဉ်ဝန်ထမ်းက ယူသွားပေးရတယ်"