一个钢镚儿(A lucky coin)
အပိုင်း၆၃
ချူးယိမှာ မျက်လုံးကို မှိတ်ကာ ယမ့်ဟန်ကိုယ်ပေါ်တွင် တစ်ကိုယ်လုံး ပစ်မှီ၍ ၊ ယမ့်ဟန်၏ ပခုံးပေါ်တွင် မေးစေ့ကို တင်ထားလိုက်သည်။အရမ်းကို စိတ်ပေါ့ပါးပြီး ၊ အလွန် သက်သောင့်သက်သာ ရှိသည်ဟု တွေးလိုက်မိသည်။
ယမ့်ဟန်အပေါ် ထူးထူးဆန်းဆန်း တုန့်ပြန်မှု ရှိလာသည်ကို သိလိုက်ရသည့် အချိန်ကစပြီး ၊ သူ ဒီလိုစိတ်ပေါ့ပါးတာမျိုး မရှိခဲ့ပေ။ယမ့်ဟန်နှင့် တွေ့ချိန် ၊ ဒါမှမဟုတ် ယမ့်ဟန်နှင့် နီးကပ်သွားချိန်မျိုးတွင် အနေရခက်စရာ ကိစ္စမျိုး ဖြစ်ပေါ်လာမှာကို အမြဲတမ်း ကြောက်လန့်နေခဲ့မိသည်။
စာမေးပွဲဖြေချိန်ကုန်ဆုံးတော့မည် ဖြစ်သော်လည်း မေးခွန်းများကို ပြီးဆုံးအောင် မဖြေရသေးပဲ ၊ စိုးရိမ်မှု များလာသည်နှင့် လူကပိုပြီး တောင့်တင်းလာသလိုမျိုး တစ်ပုံစံတည်းပင်။စိုးရိမ်မှူပိုလာလေ အမှားဖြစ်ဖို့ ပိုလွယ်လာလေဖြစ်သည်။
ဒီလို သက်သောင့်သက်သာနှင့် ယမ့်ဟန်အနား မကပ်နိုင်ခဲ့သည်မှာ အတော်ကြာသွားပြီဟု ချူးယိ တွေးလိုက်မိသည်။
ယမ့်ဟန်က သူ့ကျောကို ကလေးလေးအား ချော့မြူနေသလိုမျိုး အသာလေး ပုတ်ပေးနေရာ ၊ သူ့အား စိတ်အေးချမ်းပြီး သက်သောင့်သက်သာ ရှိသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
ချူးယိက ယမ့်ဟန်ကို ခပ်တင်းတင်း ဖက်ထားလိုက်ပြီး ၊ ယမ့်ဟန်၏ကျောကိုလည်း ပွတ်ပေးနေလိုက်သည်။
"ငါ့အင်္ကျီပေါ်မှာ တစ်ခြားလူတစ်ယောက်ကများ လက်သုတ်ရဲတယ်ဆိုရင် ၊ လေသာဆောင်ပေါ် လွင့်ထွက်သွားအောင် လက်ဝါးနဲ့ တစ်ချက် ငါရိုက်ပစ်ပြီးပြီ"
ယမ့်ဟန်က ပြောလိုက်သည်။
"ဟင်?"
ချူးယိက မျက်လုံးကို မှိတ်ထားဆဲဖြစ်ပြီး ယမ့်ဟန်၏နောက်ကျောကို ထပ်ပွတ်ပေးလိုက်သည်။ယမ့်ဟန်၏ အသံက အရမ်းနားထောင်လို့ ကောင်းသည်ကိုသာ ခံစားမိလိုက်သည်။သို့သော်လည်း ဘာပြောလိုက်သလဲကိုတော့ သိပ်ပြီး ဂရုမစိုက်မိလိုက်ပေ။