အခန်း◀၂၅▶

1.2K 178 21
                                    

အိပ်ရာထဲမှာနေသော်လည်း တလူးလူးတလိမ့်လိမ့်နဲ့ သူအိပ်လို့မရနိုင်ပေ။မွေးနေ့ပွဲကပြန်ရောက်လာပြီးတော့ သူစိတ်နဲ့လူနဲ့မကပ်။ဖိတ်စာတွေအများကြီးနဲ့ပွဲမို့ လူရှုပ်မှာပဲဆိုကာ အိမ်မှာပဲကျန်နေခဲ့သည့် မေမေနဲ့ဖေဖေက ဘွားရဲ့ကြော်ငြာချက်ကို အခုမှသိကာ အံ့ဩစိတ်ဝင်စားနေကြတာကိုတောင် စကားရှည်ရှည်မပြောနိုင်။အခန်းထဲဝင်ပြီးအိပ်လည်းမပျော်ပါပဲ အိပ်ရာထဲမှာခွေနေမိသည်။ငြိမ်သက်စွာလဲလျောင်းနေပေမယ့် အတွေးတွေကလွင့်ပါးပြေးလွှားလွန်းနေကာ အိပ်ချင်စိတ်ကအနည်းငယ်မျှပင်ပေါ်မလာပါ။ခေါင်းထဲမှာ ချမ်းကလေးအကြောင်းတွေပဲ တရစပ်ပေါ်လာနေသည်။

ဘွား...ဘာကြောင့်ဒီလိုလုပ်ရပါသလဲ....

တကယ်တမ်း ဆက်စပ်ကြည့်ရင် ချမ်း သာလျင် ဘွားရဲ့တစ်ဦးတည်းသောမြေးအရင်းပဲ... လေးလေးသိင်္ခတော့ရှိနေသေးတာမှန်ပေမယ့် သားကိုကျော်ကာမြေးကိုမှ ပိုင်ဆိုင်မှုတွေဆက်ခံစေပါမည်ဆိုတော့လည်း မရတာမဟုတ်တာ။ဖြစ်မယ်ဆို ဖြစ်နိုင်တာပါပဲ။ဘွားပိုင်တဲ့ပစ္စည်း ဘယ်လိုပဲစီမံပါစေ ဘွားရဲ့သဘောပဲပေါ့။ဒါကိုလည်း ဘယ်သူကမှ ကန့်ကွက်နေမှာမဟုတ်ပါ။

ဒါပေမယ့် ဘာဖြစ်လို့ ဒီအချိန်လဲ...

ရုတ်တရက်ကြီးထကာ ဒီလိုအသိပေးမှုမျိုးပြုလုပ်ရခြင်းရဲ့အကြောင်းပြချက်က ဘာပါလဲ....ပြီးရင်လည်း ချမ်းကိုအဝေးကိုပို့ဦးမယ်တဲ့....

တမန်သည် တခြားလူတွေထက်စာရင် ဒေါ်မြသက်ထားနဲ့ပိုလက်ပွန်းတတီးနေခဲ့လို့လား..... ဘွားရဲ့ အပြုအမူများနောက်ကွယ်က အဓိပ္ပာယ်ကို သူများထက်ပိုပြီးခန့်မှန်းရိပ်စားမိသလိုရှိပါသည်။ပြီးတော့ ဘွားတစ်ခုခုကို ရိပ်မိနေလောက်ပြီဆိုတာကိုလည်း မှန်းဆနိုင်တာပဲ။

ဒီလမ်းဟာ မဖြောင့်ဖြူးနိုင်မှန်းလည်း အစောကြီးကတည်းက သိရှိနားလည်ပြီးသားဖြစ်ပါလျက် တကယ်လက်တွေ့ကြုံလာတော့လည်း တမန်တုန်လှုပ်ပါသည်။သူတုန်လှုပ်တဲ့ထဲမှာ ချမ်းနဲ့အဝေးကြီးဝေးသွားကြရမှာကိုကြောက်တာလည်းပါသည်။သူ့ကို ဘွားကအမျက်သိုခဲ့လျင် သူ့မိဘတွေကိုပါရောကာ အမျက်မာန်ရှတဲ့ထဲထည့်သွင်းလိုက်မှာစိုးရိမ်တာလည်းပါသည်။မေမေက ဘွားကိုအမေရင်းလိုပဲ ကြည်ညိုအလေးထားလှတာ။ဘွားရဲ့အငြိုအငြင်ကိုဘယ်နည်းနဲ့မှခံစားနိုင်မှာမဟုတ်ပေ။

မနီးချင်...မဝေးချင်||completed||Where stories live. Discover now