ကျောပိုးအိတ်တို့ သော့တို့မှာချိတ်ဖို့ ကွင်းကလေးတန်းလန်းနဲ့ သေးမွှားပိစိသော အရုပ်ကလေးတွေကစကာ ... လက်နှစ်ဖက်နဲ့ ဖက်လို့ပင်မဆံ့သော လူတစ်ယောက်စာထက်ပင်ကြီးမားချင်သေးသည့် အရုပ်ကြီးတွေအထိ ... အရွယ်အစားအမျိုးမျိုးနဲ့အရုပ်တွေကို ခင်းကျင်းထားတဲ့ စင်ရှေ့ကနေ ချမ်းတစ်ယောက် မခွာနိုင်အောင် သဘောကျနေရ၏။တချို့အရုပ်တွေကို သေသေချာချာမခင်းကျင်းထားပဲ စင်တွေပေါ် စားပွဲပေါ်မှာ ဖရိုဖရဲပုံစံပေါက်အောင် တမင်တကာ နေရာချထားတာကလည်း မျက်လုံးထဲမှာ ပိုပြီးလိုချင်နှစ်သက်ဖွယ်ဖြစ်နေရသည်။ဆိုင်ကလေးက သိပ်မကျယ်ပေမယ့် သူ့နေရာနဲ့သူ အထားအသို အပြင်အဆင် အဆင်ပြေလွန်းတာမို့ ပစ္စည်းတွေ များပေမယ့် ကျပ်သိပ်ကျဉ်းကျုပ်မနေ.... အမျိုးအစားကတော့ တကယ့်ကိုစုံလင်သည်။အလှပြင်ပစ္စည်းတွေ အိတ်တွေ... ပြီးတော့ နားကပ်တို့ ဆွဲကြိုးတို့လို accessories တွေ...
တခြားဟာတွေကတော့ စိတ်မဝင်စားလှ.... ကြိုးမည်းမည်းလေးနဲ့ ပုတီးစေ့လေးတွေ ကျောက်ကလေးတွေ စီတန်းသီထားသော ဟန်းမိတ် လက်ကောက်ကြိုးပျော့လေးတွေကိုတော့ သဘောတကျကြည့်နေမိသည်။တစ်ခုလောက်ဝယ်ရကောင်းမလား.... စဉ်းစားနေတုန်းမှာပဲ ကောင်မလေးတစ်သိုက်က ပိကျိပိကျိနဲ့ တွန်းထိုးစကားတွေများရင်း....လက်ကောက်တွေထည့်ထားတဲ့ ကောင်တာရှေ့ရောက်လာတာမို့ နောက်ကိုဆုတ်ရှောင်ပေးရင်း... အရုပ်တန်းရှေ့ကို အလိုလိုပြန်ရောက်သွားရ၏။စောစောထဲက သဘောကျနေတဲ့ Baymax ပုံစံတူအရုပ်အကြီးကြီးရဲ့ ပျော့အိအိ ဗိုက်နေရာကို တစ်ချက်ဖြစ်ညှစ်ရင်း... ချမ်းက ဆိုင်အရှေ့ဘက်ကိုတစ်ချက်ကဲကြည့်လိုက်မိသည်။
အရှေ့ဘက်က မုန့်ဆိုင်ကလေးရဲ့ အမိုးကုပ်ကုပ်ထီးရွက်အကြီးကြီးအောက်က စားပွဲကလေးမှ မဏိက ထိုင်နေပြီး....သူ့ရှေ့မှာက ... ဖြူသွယ်သွယ် ပိန်ပါးပါးနဲ့ ကောင်လေးတစ်ယောက်ရှိနေသည်။နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ... စကားတွေပြောမကုန်ကြတော့မယ့်ပုံပဲ။အရှေ့က အအေးခွက်တွေလည်း အေးရာက ပြန်လည်ပူနွေးနေကြလောက်ပါပြီ။စားဖို့သောက်ဖို့လည်း သတိမရကြတော့ ဘူးထင်ပါရဲ့။အင်းပေါ့လေ.... အချိန်အကြာကြီးနေမှ..ခဏတဖြုတ်ပဲတွေ့ကြရတာကိုး.... မဏိကောင်လေး ကောင်းထက်က ဆေးကျောင်းတက်နေတာ.... ကျောင်းပိတ်ရက်....ခဏပြန်လာတုန်းပဲ တွေ့လို့ရတာမို့ မျက်နှာချင်းဆိုင်ဆုံချိန်မှာ အအေးလေးသောက်ဖို့အချိန်တောင်ဖဲ့မပေးချင်ဘူးနေမှာ...။