တမန် ခြံထဲကပြန်ချိန်ကကို နောက်ကျပါသည်... ခြံကနေ အိမ်ကိုတစ်ခါပြန်... အဲ့ဒီကနေမှ... ဒီပါချမ်းမြကို ပြန်ထွက်လာခြင်းဖြစ်သည့်အတွက်.... ရောက်သည့်အချိန်ကမှောင်စပင်ပျိုးနေပြီ...မနက် အာရုဏ်မတက်ခင်အချိန်နဲ့... ညနေ ဆည်းဆာဝင်စအချိန်ဟာ... ဘွား ဘုရားဝတ်ပြုသည့်အချိန်မို့... တမန်ရောက်တော့ ဘွားက အိမ်အောက်မှာရှိမနေပါ။ခြံထဲမှာ လမ်းလျောက်နေသည့် အန်တီဝင်နီနဲ့သာတွေ့သည်။
"ကိုမန့်ညီကို ကြည့်ပြောပေးပါဦးကွယ်... ဒီကောင်လေးသိပ်ဆိုးနေပြီ ... "
တမန့်ကိုမြင်မြင်ချင်းပင် မအောင့်အည်းနိုင်သလို ဆီးကြိုတိုင်တန်းသည့် ဒေါ်ဝင်နီ့ကို တမန်ကခင်မင်စွာပြုံးရယ်ရိပ်နဲ့ ကြည့်ရင်း။
'' ဘာတွေလုပ်ပြန်ပြီလဲ အန်တီ ... ''
'' မနေ့က အိမ်ကို သူ့သူငယ်ချင်းတွေလာတယ်လေ ''
သူတော်ချင်းသတင်းလွေ့လွေ့လို့ပြောရမလား ... ရတနာရှိရာရတနာစုလို့ပြောရမလား။ချမ်းရဲ့သူငယ်ချင်းတွေဟာ တတိုင်းတည်းတိုင်း၍ဖြတ်ထားသလို ချမ်းနဲ့တစ်ပုံစံထဲပါပေ။သုံးနိုင်ဖြုန်းနိုင် ... ပိုက်ဆံရှိအသိုင်းအဝိုင်းက ... မိဘကလည်း ဖူးဖူးမှုတ်ထားသည့် ကလေးတွေ။အပူအပင်လည်းမရှိ ... အသုံးအဖြုန်းကကြီး...ဆော့လိုက်ကြတာကလည်း ဒီအရွယ်လူပျိုပေါက်ကလေးတွေဖြစ်နေတဲ့အထိ ... ဖုန်အလူးလူး ချွေးအလူးလူးနဲ့ မျက်နှာမှာ ဂျီးကြောင်းအစင်းထင်အောင် ဆော့ကြပါတယ်ဆိုရင် ယုံနိုင်ကြပါ့မလား။တစ်အုပ်စုလုံးပေါင်းကာ ပျော်လိုက်ကြတာ ... ဆယ်တန်းကို နှစ်နှစ်ဆက်တိုက်ကျကြတော့လည်း တစ်အုပ်လုံး။ အဖော်ရှိနေသဖြင့် စာမေးပွဲကျတာလည်း စိတ်ညစ်ရကောင်းမှန်းမသိကြပေ။သူတို့က ရယ်စရာလိုတောင်ဖြစ်နေကြသေး။
'' အပြင်ခဏဆိုပြီး ခေါ်သွားလိုက်ကြတာ ... အန်တီကလည်းသနားလို့ပါ ... စာမေးပွဲကလည်းကျထားတော့ အိမ်မှာ ... သူမျက်နှာငယ်နေတာ မဟုတ်လား... ဘယ်မှလည်းမသွားရတော့ ... စိတ်ပြေလက်ပျောက် ခဏဆိုပြီး ထည့်ပေးလိုက်ပါတယ်... မြို့ထဲဟိုနားဒီနားမုန့်ဆိုင်လောက်ထိုင်မယ်တင်တာပေါ့... ပြန်မလာ ပြန်မလာနဲ့ ... ဖုန်းကလည်းပြန်သိမ်းထားတာ ထည့်မပေးလိုက်မိ ... ညနေထိစောင်းတော့ မေမေ့ကိုပြောရတော့တာပေါ့ ... အန်တီလည်းအဆူခံရ... သူ့အဘွားလည်း ဘုရားတောင်မရှိခိုးနိုင်ပါဘူး ... ရဲပဲတိုင်ရမလား ... ဆေးရုံပဲလိုက်ရမလား... သူငယ်ချင်းကောင်လေးတွေအိမ်ပဲဖုန်းဆက်ရမလားနဲ့ ... တော်ကြာ ကိုယ်ဖုန်းဆက်လိုက်မှ သူများမိဘတွေပါ လန့်ကုန်မှာပူရသေး... အိမ်ကလူတွေအတော် ယောက်ယပ်ခတ်ပြီးမှ ပြန်ရောက်လာတယ် ... ''