စိတ်ဇောကပ်ကာ နဖူးမှာချွေးဥလေးတွေစို့နေအောင် လမ်းကိုမြန်မြန်လျောက်လာနေရင်း အငှားယာဉ်တစ်စီးစီးကိုတွေ့လိုတွေ့ငြား ဥဩသည်နောက်လှည့်တကြည့်ကြည့်။လမ်းကလည်း လူသူပြတ်လပ်လှသည်။လမ်းတစ်ဖက်မှာက ဘောလုံးကွင်း တစ်ဖက်မှာက ရုံးအဆောက်အအုံတွေပဲရှိတဲ့လမ်းမို့ မီးကလည်းမလင်းလှချေ။ဒါလောက်အထိ မိုးချုပ်သွားလိမ့်မည်လို့မထင်မှတ်ပဲ စကားပြောနေခဲ့မိတာမှားပြီထင်ပါရဲ့။လမ်းမကြီးပေါ်အထိရောက်ဖို့အတော်ပင်လျောက်ရတော့မည်။အဲ့ဒီမှာတော့ စီးနင်းစရာတစ်ခုခုကိုငှားလို့ရနိုင်မှာပါ။
'' ဥသြ ... ''
ကိုယ့်အာရုံနဲ့ကိုယ်မို့အမောတကောလျောက်နေရင်း ဘေးဘီကိုသတိမပြုမိပဲ တိုးတိတ်သောခေါ်သံကြောင့် သြ လှည့်ကြည့်လိုက်တော့ ... ရပ်ထားတဲ့ကားတစ်စီးထဲမှာထိုင်နေသည့် တမန့်ကိုတွေ့လိုက်ရလေသည်။
'' ကိုမန် ... ''
တအံ့တဩဝမ်းသာသွားကာ အနားကိုချက်ချင်းပဲလျောက်လာသည့် ဥဩကိုစေတမန်က ကားပေါ်ကဆင်းလာကာ လက်ပိုက်ရပ်လျက် စောင့်နေသည်။
'' ခေါ်သံတော့ကြားတယ် ဟုတ်မှဟုတ်ပါ့မလားလို့ ... တိုက်တိုက်ဆိုင်ဆိုင်လာတွေ့တယ် ... ကိုမန် ... ဘယ်ကိုလာတာလဲ ... ''
'' ဒီနားက သူငယ်ချင်းတစ်ယောက်ဆီကိုလာတာ ... ဥသြကကော ''
'' သြက ... အ ... ''
လွှတ်ခနဲပြောလိုက်မိမည်လုပ်ပြီးမှ နှုတ်ခမ်းလေးကိုကိုက်လိုက်မိသည်။မပြောနဲ့ ... အဲ့ဒီအကြောင်းပြောရင် ကိုမန်မကြိုက်တာ သိတယ်မဟုတ်လား။
အို ကိုမန်မှမဟုတ်ပါဘူး ... သြ ဒီအကြောင်းပြောရင် ဘယ်သူမှမကြိုက်ကြ။မပြောတာပဲကောင်းတယ်။
'' ဝယ်စရာလေးရှိလို့... မြို့ထဲလာရင်းနဲ့ လမ်းလျောက်လို့ကောင်းကောင်းနဲ့လျောက်ရင်းရောက်လာတာပါ ... ''
'' မှောင်တောင်မှောင်နေပြီ ... ဒီအချိန်ထိမိန်းကလေးတစ်ယောက်ထဲ ဒီလိုလျောက်သွားနေလို့ ဘယ်ဖြစ်မလဲ ... ''
တစ်ယောက်ထဲ မသွားတော့ကော ... အမေနဲ့တွေ့ဖို့လာတဲ့လမ်းမှာ တစ်ယောက်ယောက်ကိုအဖော်ခေါ်လာလို့ဘယ်ဖြစ်နိုင်ပါ့မလဲ။သြအနားက လူတွေအကုန်လုံးက ဘွားရဲ့လူတွေချည့်ပဲ။သတင်းက ဘွားဆီကို ဒါမှမဟုတ် သြမသိစေချင်တဲ့ လူတွေဆီကို ချက်ချင်းပြန်ရောက်သွားမှာ။လွန်ခဲ့သော နှစ်ရက်လောက်ကတည်းက ဥဩ အမေ့ဆီက အဆက်အသွယ်ရသည်။ဘယ်အချိန်လာတွေ့ပါ လို့ ထုံးစံအတိုင်းချိန်းဆိုတာမို့ ...ဒီနေ့တစ်နေ့လုံးအရိပ်အကဲကြည့်နေကာ လူလစ်မှ ဟိုလိုလိုဒီလိုလိုနဲ့ ဘယ်သူမှသတိမထားမိခင် အမြန်ဆုံးထွက်လာခဲ့ရ၏။