အခန်း◀၀၇▶

1.5K 224 36
                                    

ကားမောင်းနေရင်းက ဘေးမှာပါလာသည့် ချမ်းကို တမန်က တစ်ချက်ငဲ့စောင်းကြည့်လိုက်ပါသည်။ချမ်းက အိစိအိစိ သကြားကပ် ဂျယ်လီပျော့တစ်ထုပ်ကို လက်ထဲမှာကိုင်ထားပြီး တစ်ခုပြီးတစ်ခုထုတ်ကာ တမြုံ့မြုံ့ဝါးလာသည်။ရင်ဘတ်မှာ ဝက်ဝံရုပ်ဖြူဖြူလေးပါသော စပို့ရှပ်အင်္ကျီအညိုရောင်ပွပွကြီးနဲ့ ဒူးဆစ်တောင် မကျော်ချင်သော ဘောင်းဘီတိုရယ်...ဆံပင်တွန့်ကလေးတွေနဲ့ ရဲစိုသော နှုတ်ခမ်းထူကလေးတွေကြောင့် ချမ်းက ရှိရင်းစွဲအသက်ထက် ပိုပြီးကလေးဆန်သော ရုပ်ကလေးမျိုးဖြစ်နေပါသည်။

ရုပ်ကလေးတင်လားဆိုတော့ မဟုတ်... အလိုလိုက်ခံရသည့် တစ်ဦးတည်းသော သားပီပီ... စိတ်ကလည်းမရင့်ကျက်လှပါ။ခြံထဲကို နေ့တိုင်းလိုက်နေပေမယ့်.. အမည်ခံသက်သက်ပါပဲ...ဘာမှမယ်မယ်ရရ အကူအညီရလှတာမဟုတ်....(ရဖို့လည်း မမျှော်တော့မမျှော်လင့်ခဲ့ဖူးဘူးပေါ့လေ) ခိုင်းရင်တော့ ဘာပဲဖြစ်ဖြစ်လုပ်ပါသည်။လုပ်နေမကျတော့ အချိုးမပြေတာရယ်.... လက်ကျောလေးက မတင်းတာရယ်နဲ့.။တစ်နေ့တစ်နေ့ ခြံထဲက ဝန်ထမ်းမိသားစုကကလေးတွေနဲ့ ကစားပြီးပြန်တာ... ဒါပဲအလုပ်ရှိ၏။အကူအညီမရတဲ့အပြင် ပျိုးပင်တွေရောက်တဲ့နေ့မျိုးဆို အလုပ်ကရှုပ်ရှုပ် လူတွေကရှုပ်ရှုပ် ချမ်းကလည်းကလေးတွေနဲ့ ပေါင်းကာ ရှုပ်မှရှုပ်ပဲ။ ဒါပေမယ့် အစထဲကိုက သူ့သူငယ်ချင်းကောင်လေးတွေနဲ့ အဆက်အသွယ်ပြတ်ရင် ပြီးရောလို့ သဘောထားထားတာမို့ ဘယ်လောက်ပဲရှုပ်ရှုပ် စိတ်ရှည်ရှည်ထားနေရ၏။ပျင်းပြီးမလိုက်တော့ဘူး လို့ ဂျီမကျတာကိုပင် ကျေးဇူးတင်နေရသေး။

အရင်နေ့တွေကတော့ ခြံကပြန်လျင် ချမ်းကို ဒီပါချမ်းမြအထိ အရင်ပြန်လိုက်ပို့....ပြီးမှ တမန်က ကိုယ့်အိမ်ကိုယ်ပြန်သည်။ဒီနေ့တော့ ဘုရားဖူးပြန်လာသည့် ဧည့်သည်တွေဆီက လူကြုံလက်ဆောင် တွေပါလာတာကို အိမ်မှာအရင်ဝင်ထားရမှာမို့ အိမ်ကိုပဲအရင်မောင်းလာခဲ့လိုက်ပါသည်။သူတို့ရပ်ကွက် လမ်းသွယ်ထဲကို ချိုးကွေ့လိုက်ပြီးလျင် သုံးလေးခြံမျှကျော် လိုက်ပါက တမန်တို့အိမ်ကိုရောက်ပြီ။အိမ်ရှေ့နားကိုအရောက်မှာ စေ့ပိတ်ထားနေကျ ခြံတံခါးက အသင့်ဖွင့်ထားတာမို့ မောင်းဝင်လိုက်ပါသည်။ခြံထဲမှာ ရပ်ထားသည့် တစ်ခြားကားတစ်စီးကရှိနေ၏။

မနီးချင်...မဝေးချင်||completed||Onde histórias criam vida. Descubra agora